စပါးအသင်း၏ နည်းပြသစ်ဖြစ်လာသည့် အန်တိုနီယိုကွန်တီက သူသည် အသင်းကို ပိုမိုကောင်းမွန်လာစေရန်အတွက် တစ်ဦးချင်းအရည်အသွေးကို မြှင့်တင်နိုင်အောင် ကြိုးစားပြီးမှ အသင်းလိုက်အရည်အသွေး ပိုမိုမြင့်တက်လာအောင် ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။
ကွန်တီက စပါးအသင်း၏ လက်ရှိအခြေအနေကို လုံးဝပြောင်းလဲသွားမည်ဟုလည်း ဆိုခဲ့ပြီး စိတ်ခံစားမှုအသစ်၊ တောင်းဆိုမှုအသစ်များကို ကစားသမားများအနေဖြင့် ကြုံတွေ့ရလိမ့်မည်ဟုလည်း ဆိုခဲ့သည်။
ကွန်တီသည် သူ၏ နည်းပြသည့်ပုံစံနှင့်ပတ်သက်၍ ကစားသမားများထံမှ တောင်းဆိုမှုအလွန်များသူဟု ကျော်ကြားသူဖြစ်ပြီး ကစားသမားများအား အလွန်ပြင်းထန်သည့် လေ့ကျင့်ခန်းအစီအစဉ်များဖြင့် တောင်းဆိုလေ့ရှိသူအဖြစ်လည်း လူသိများသူ ဖြစ်သည်။

ကွန်တီက ”ကျွန်တော်တို့အနေနဲ့ ကစားသမားတစ်ဦးချင်းစီရဲ့ လုပ်နိုင်စွမ်းအားကို မြှင့်တင်နိုင်ဖို့လိုအပ်ပြီး ဒါကို အရင်ဆုံးလုပ်နိုင်ဖို့လိုပါတယ်။ ပြီးရင်တော့ အသင်းလိုက်အရည်အသွေးကို ပိုမိုတိုးတက်လာအောင် မြှင့်တင်သွားပါမယ်။ အသင်းရဲ့ အောင်မြင်မှု၊ ကျရှုံးမှုအားလုံးကိုလည်း ကျွန်တော်တို့ မျှဝေတာဝန်ယူသွားမှာပါ။ တကယ်လို့ မအောင်မြင်ခဲ့ဘူးဆိုရင် ကျွန်တော် တစ်ဦးတည်းကြောင့် မဟုတ်သလို၊ နည်းပြအဖွဲ့ဝင် (၃၊ ၄) ဦးကြောင့်လည်း မဟုတ်ပါဘူး။ အားလုံးမှာ တာဝန်ရှိပါတယ်။ အောင်မြင်ခဲ့ရင်လည်း ကျွန်တော်တို့အားလုံးရဲ့ အားထုတ်မှုကြောင့်ပါပဲ” ဟု ပြောကြားခဲ့သည်။
ကွန်တီက စပါးအသင်းသည် ထိပ်တန်းကစားသမားများဖြင့် စုဖွဲ့ထားသည့် အသင်းဖြစ်သည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့ပြီး ကစားသမားများ၏ ခံယူချက်ပိုင်းကို ပြောင်းလဲနိုင်ပြီးပါက အောင်မြင်မှုများရလာလိမ့်မည်ဟု ယုံကြည်နေကြောင်းပြောကြားခဲ့သည်။