ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သောချန်ပီယံလိဂ်ပွဲစဉ် ကလပ်ဘရုဂေး(၁-၅)မန်စီးတီးပွဲအပြီးတွင် မန်စီးတီးအသင်းအားပေးသူ ပရိသတ်တစ်ဦးမှာ ပြိုင်ဘက်ကလပ်ဘရုဂေးအသင်းပရိသတ်တစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
တိုက်ခိုက်ခံရသူပရိသတ်မှာ ဘယ်လ်ဂျီယံအခြေစိုက် မန်စီးတီးအသင်းအားပေးသူများအဖွဲ့တစ်ခုဖြစ်သည့် Blue Moon Belgium အဖွဲ့မှဖြစ်ပြီး ရထားဘူတာရုံတစ်ခုတွင် ယင်းကဲ့သို့ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
အသက်(၆၃)နှစ် အရွယ်ရှိသူ ယင်းပရိသတ်မှာ မန်စီးတီးအသင်းအမှတ်တံဆိပ်များပါဝင်သည့် လည်စည်းတစ်ခုကို သူ၏လည်ပင်းတွင် ဝတ်ဆင်ထားပြီး ပြိုင်ဘက် ဘရုဂေးပရိသတ်တစ်ဦးက ရန်စတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂွီဒိုဟု အမည်ရသည့် ယင်းမန်စီးတီးပရိသတ်၏သားဖြစ်သူ ဂျာဂန်က ”ကျွန်တော့်ရဲ့ဖခင်ဖြစ်သူဟာ Drongen မှာ မန်စီးတီးလည်စည်းကို ဝတ်ဆင်လို့ ပြိုင်ဘက်ပရိသတ်ရဲ့ တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရပါတယ်။ ကျူးလွန်သူကို ပြန်လည်ရှာဖွေတွေ့့ ရှိပြီး အပြစ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဂွီဒိုသည် ယင်းတိုက်ခိုက်မှုကြောင့် သတိမေ့မြောနေဆဲဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
ယင်းပွဲသို့ ဘယ်လ်ဂျီယံအခြေစိုက် မန်စီးတီးပရိသတ်(၂၀၀)ဦးခန့် လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။