ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသည် လာမည့်ရာသီတွင် ကြယ်ပွင့်တိုက်စစ်မှူး ဘာပေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါက ဒေါ့မွန်အသင်းမှ လူငယ်တိုက်စစ်မှူး ဟော်လန်း သို့မဟုတ် ဘိုင်ယန်မြူးနစ်အသင်းမှ ၀ါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို ပြန်လည်အစားထိုးခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။
ဘာပေ(၂၂ နှစ်)သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာလိုကြောင်း အတည်ပြုပြောကြားခဲ့သူဖြစ်ပြီး ရီးယဲလ်အသင်းသို့ ရောက်ရှိရန် နီးစပ်ခဲ့သူလည်းဖြစ်သည်။
ရီးယဲလ်အသင်း၏ အပြောင်းအရွှေ့နောက်ဆုံးနေ့အထိ ကမ်းလှမ်းမှုကို PSG အသင်းက ပယ်ချခဲ့ပြီး အသင်း၌ ဆက်ထိန်းထားနိုင်ရန်အတွက် စည်းရုံးသိမ်းသွင်းမှု ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အလားအလာအလွန်နည်းပါးနေကြောင်း နီးစပ်သူအချို့က သုံးသပ်ထားသည်။
ဘာပေသည် PSG အသင်း၏ အားကစားဒါရိုက်တာ လီယိုနာဒိုနှင့် ဆက်ဆံရေးအဆင်မပြေမှု ရှိနေသလို၊ ငယ်ဘဝအိပ်မက်အသင်းဖြစ်သည့် ရီးယဲလ်အသင်းထံ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေခြင်းကြောင့် ရီးယဲလ်နှင့် အပြောင်းအရွှေ့ဖြစ်လာရန် သေချာနေကြောင်းလည်း AS သတင်းစာက ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ ဘာပေကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူတော့ခြင်းကြောင့် PSG အသင်း၏ အားကစားဒါရိုက်တာ လီယိုနာဒိုသည် အစားထိုးခေါ်ယူရန် တိုက်စစ်မှူးများ ရှာဖွေနေရာ ဒေါ့မွန်အသင်းမှ နော်ဝေတိုက်စစ်မှူး ဟော်လန်းသည် နံပါတ်(၁)ပစ်မှတ်ဖြစ်နေပြီး ဘိုင်ယန်မြူးနစ်မှ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးမှာ နံပါတ်(၂)ပစ်မှတ်ဖြစ်ကြောင်း le10sport သတင်းစာက ဖော်ပြခဲ့သည်။
PSG အသင်းသည် မက်ဆီ၊ နေမာ၊ အီကာဒီစသည့် ထိပ်တန်းတိုက်စစ်မှူးများ ရှိနေသော်လည်း ဘာပေကိုသာ လက်လွှတ်ခဲ့ရပါက ပုံရိပ်တန်ဖိုးမြင့်မားသည့် ထိပ်တန်းတိုက်စစ်မှူးကိုပင် ပြန်လည်ခေါ်ယူအားဖြည့်ရန် လိုလားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
PSG အသင်းသည် အဆိုပါပစ်မှတ်ကစားသမားနှစ်ဦးစလုံးကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ပါက ဖီအိုရင်တီးနားအသင်းမှ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူရန် ကြိုးပမ်းဖွယ်ရှိကြောင်းလည်း le10sport က ဖော်ပြခဲ့သည်။