ချယ်လ်ဆီးနှင့် ပြင်သစ်လက်ရွေးစင်အသင်းတို့၏ ဂန္ထဝင်နောက်ခံလူ ဖရန့်လီဘော့ဖ်က ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအသင်း ထပ်မံဗိုလ်စွဲရန်မှာ မဖြစ်နိုင်သလောက်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းကို အနိုင်ရကာ ဗိုလ်စွဲခဲ့သော်လည်း ယင်းအောင်မြင်မှုမှာ မှော်ဆန်သည့်အောင်မြင်မှုဖြစ်ပြီး ယင်းကဲ့သို့ ကံကောင်းမှုမျိုးကို နောက်တစ်ကြိမ်ထပ်ရရန် မလွယ်တော့ဟုလည်း ၎င်းက ဆိုသည်။
လီဘော့ဖ်က ”ချယ်လ်ဆီးအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၂)နှစ်ဆက် ဗိုလ်စွဲတာကို ကျွန်တော် မြင်ချင်တာပေါ့။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်း (၃)ကြိမ်ဆက်ဗိုလ်စွဲခဲ့တာကလွဲပြီး ချန်ပီယံလိဂ်မှာ ဘယ်အသင်းမှ ချန်ပီယံဆုကို မထိန်းသိမ်းနိုင်ကြဘူး။ ဒီရာသီမှာ သူတို့ ကြိုးပမ်းစရာ ဖလား (၄)လုံးရှိပါတယ်။ ဒီအထဲမှာ Carabao Cup က အသင်းလည်း စိတ်မဝင်စားဘူး၊ ပရိသတ်တွေလည်း စိတ်မဝင်စားပါဘူး။ ကျွန်တော့်အမြင်ကတော့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ FA ဖလား ဒါမှမဟုတ် ပရီးမီးယားလိဂ်ဖလားကို ဦးတည်ပြီး ကြိုးစားတာက ပိုပြီးအဓိပ္ပာယ်ရှိပါတယ်။ ချန်ပီယံလိဂ်ဖလားက ဖြစ်နိုင်ခြေအနည်းဆုံးဖလားပါ”ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ်တွင် (၂)ပွဲကစားထားပြီး ဇင်းနစ်အသင်းကို အနိုင်ရရှိကာ ဂျူဗင်တပ်စ်အသင်းကို ရှုံးနိမ့်ထားသည်။