ပြင်သစ် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း ၃နှစ်ခွဲကြာ ကစားပေးခဲ့တဲ့ ချဲလ်ဆီး အသင်းကို စွန့်ခွာခဲ့ကာ ၊ စီးရီးအေ ထိပ်သီး ကလပ် အေစီမီလန် အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၂သန်း ၊ ၂နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။
အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျရူး ဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ် လက်ရွေးစင် အသင်းနဲ့ အတူ ပါဝင် ဆင်နွှဲခွင့် ရချင်တဲ့ အတွက် ၊ ပွဲကစားခွင့် ရေရေရာရာ ရဖို့ မသေချာတဲ့ ချဲလ်ဆီး အသင်းကို ခက်ခက်ခဲခဲ စွန့်ခွာခဲ့တာ ဖြစ်ပါတယ် ။
ဂျရူး ဟာ ချဲလ်ဆီးကို စရောက်လာတုန်းက နည်းပြ ဖြစ်ခဲ့တဲ့ အန်တိုနီယို ကွန်တီ လက်ထက်က လွဲရင် ၊ နောက်နည်းပြ အဆက်ဆက် မှာ ဒုတိယ ဦးစားပေး အဆင့် တိုက်စစ်မှူး အဖြစ်နဲ့သာ အသင်း အတွက် အကောင်းဆုံး ပေးဆပ် ကစားပေးခဲ့ပါတယ် ။
ချဲလ်ဆီး အသင်းမှာ နေထိုင်ခဲ့တဲ့ ၃နှစ်ခွဲ ကာလ အတွင်းမှာ ဂျရူး ဟာ အက်ဖ်အေ ဖလား ၊ ယူရိုပါလိဂ် ဖလား ၊ ချန်ပီယံလိဂ် ဖလား တွေကို ဆွတ်ခူးရရှိခဲ့ပြီး ၊ ပရီးမီးယားလိဂ် က လွဲရင် ကစားသမား ဘဝရဲ့ အမြင့်မားဆုံး အောင်မြင်မှုတွေကို ရှာဖွေ တွေ့ရှိခဲ့ပါတယ် ။
ဒါဟာ အာဆင်နယ် မှာ ကစားခဲ့တဲ့ ၅နှစ်ခွဲတာ ကာလ အတွင်း ရခဲ့တဲ့ အက်ဖ်အေ ဖလား အောင်မြင်မှုထက် များစွာ သာတဲ့ အောင်မြင်မှု ပမာဏ ဖြစ်သလို ၊ ဒီရာသီမှာလည်း ချဲလ်ဆီး ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ ကလပ် တသင်း ဖြစ်တာကြောင့် ဂျရူး အတွက် စတမ်းဖို့ဒ်ဘရစ်ချ် က ထွက်ခွာဖို့ အရေးက ဆုံးဖြတ်ရ အထူးခက်ခဲခဲ့တဲ့ အရာ တခု ဖြစ်ခဲ့ပါတယ် ။
Talksport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ဂျရူး က သူ့အတွက် ချဲလ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတာ ပိုပြီး ခက်ခဲခဲ့တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံတဲ့ အနေနဲ့ ” ကျွန်တော် ဟာ ချဲလ်ဆီးမှာ ၃နှစ်ခွဲ ကာလ ကျော်ဖြတ်ခဲ့ပါတယ် ။ ”
” အာဆင်နယ်မှာ ကျွန်တော် ဟာ အံ့သြဖွယ် အချိန်ကာလ တရပ် ကို ပိုင်ဆိုင်ခဲ့ပေမယ့် ၊ ချဲလ်ဆီးမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ဒီထက် ပိုပြီး အဓိပ္ပာယ် ရှိခဲ့တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ် ။ ဘာလို့လဲ ဆိုတော့ အသင်းလိုက် ဆွတ်ခူး ရရှိခဲ့တဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကြောင့်ပါ ။ ”
” မောင့်ပယ်လီယာနဲ့ အာဆင်နယ် ကို စွန့်ခွာခဲ့ရတာ စိတ်ပိုင်းဆိုင်ရာ အရ ခံစားရ ခက်ခဲခဲ့ပေမယ့် ၊ ချဲလ်ဆီးကို စွန့်ခွာခဲ့ရတာ က ဒီထက် ပိုပြီး ခက်ခဲခဲ့ပါတယ် ။ ကျွန်တော် ဟာ ချဲလ်ဆီးမှာ နောက်ဆုံး ၃လ အတွင်း ကစားခွင့် လုံးဝ မရခဲ့တာကြောင့် ၊ အခြား တသင်းသင်းကို ပြောင်းရွှေ့ပြီး စိန်ခေါ်မှု အသစ် ရှာဖွေဖို့က သိသာ ထင်ရှားတဲ့ အဖြေ ဖြစ်ခဲ့ပါတယ် ။ ”
” ကျွန်တော် ဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်းရဲ့ ချန်ပီယံလိဂ် ဂိုးသွင်း အများဆုံး တိုက်စစ်မှူး ဖြစ်ခဲ့တာကြောင့် ၊ နောက်ဆုံး ၃လမှာ ကစားခွင့် လုံးဝ မရခဲ့တာကို စိတ်ပျက်ခဲ့မိတာပါ ။ ဒါပေမယ့် ကစားခွင့် မရတာကို ကျွန်တော် ဘာပြောနိုင်မှာလဲ ? အသင်းလိုက် အောင်မြင်မှု က ခမ်းနားခဲ့တယ်လေ ။ ”
” ၃နှစ်ခွဲတာ ကာလ အတွင်း ကျွန်တော် ဟာ အက်ဖ်အေ ဖလား ၊ ယူရိုပါလိဂ် ၊ ချန်ပီယံလိဂ် ဖလားတွေကို ဆွတ်ခူးခဲ့ပြီး ၊ ဒီ အောင်မြင်မှု အတိုင်းအတာ အပေါ် အပြည့်အဝ ကျေနပ်မှု ရှိပါတယ် ။ အဲဒီ အောင်မြင်မှုတွေမှာ ကျွန်တော် ဟာ အဆုံးအဖြတ် ပေးခဲ့တဲ့ သွင်းဂိုး အချို့ သွင်းယူပေးနိုင်ခဲ့ပါတယ် ။ ”
” ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ကို စွန့်ခွာခဲ့ရတာ ကျွန်တော့ အတွက် ခက်ခဲခဲ့ပေမယ့် ၊ အဆုံးမှာတော့ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းချက် တရပ် ဖြစ်တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။