ဘာစီလိုနာအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဗန်ယူအသင်း၏ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်အား အငှားစာချုပ်ဖြင့်ခေါ်ယူနိုင်ဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
အသက် (၂၄)နှစ်အရွယ်ရှိ အေဂျက်စ်ကွင်းလယ်လူဟောင်း ဗန်ဒယ်ဘိခ်သည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့က မန်ယူအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။
ဗန်ဒယ်ဘိခ်သည် နည်းပြဆိုးလ်ရှားလက်အောက် မန်ယူအသင်းတွင် ပုံမှန်ပွဲကစားခွင့်ရရန်ရုန်းကန်ခဲ့ရပြီး လာမည့်ဇန်နဝါရီတွင် အသင်းမှထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသူဖြစ်သည်။
ထို့ကြောင့် ပြောင်းရွှေ့ကြေးကန့်သတ်မှုများခံထားရသည့် ဘာစီလိုနာအသင်းသည် အသင်း၏ကွင်းလယ်ပိုင်းကိုအားဖြည့်ရန်အတွက် မန်ယူအသင်းနှင့် အဆင်မပြေဖြစ်နေသည့် ဗန်ဒယ်ဘိခ်အား အငှားဖြင့်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းသည် ကော်တင်ဟို၊ ဘူးစကွက်စ်၊ ပယ်ဒရီ၊ ဆာဂျီရောဘတ်တို၊ ဒီယွန်း၊ ဂါဗီ၊ ရီကီပွတချ်၊ နီကိုဂွန်ဇာလက်ဇ်တို့ရှိနေသည့် အသင်း၏ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ရန်ဆန္ဒရှိနေပြီး ဗန်ဒယ်ဘိခ်အပြင် အန်ဒွမ်ဘီလီ၊ ဖရန့်ကတ်ဆီးနှင့် ဘရိုဇိုဗစ်တို့ကိုလည်း ပစ်မှတ်ထားနေကြောင်းသိရသည်။
ဗန်ဒယ်ဘိခ်သည် မန်ယူအသင်းတွင် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံ (၃၆)ပွဲကစားခွင့်ရခဲ့သော်လည်း ပြည်တွင်းဖလားပွဲများနှင့် အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရခြင်းဖြစ်သလို၊ ယခုရာသီတွင်လည်း ပြိုင်ပွဲစုံ (၃)ပွဲသာကစားခွင့်ရထားသည်။