PSG အသင်း၏အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုက အသင်းတိုက်စစ်မှူး ဘာပေ၏အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး အရိပ်အမြွက်ပြောဆိုခဲ့သည့် ရီးယဲလ်အသင်းဥက္ကဋ္ဌ ပီရက်ဇ်၏လုပ်ရပ်မှာ လေးစားမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။
ရီးယဲလ်အသင်းသည် PSG တိုက်စစ်မှူး ဘာပေကို ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း (၁၈၀)ဖြင့်ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း PSG အသင်းက ပယ်ချခဲ့ခြင်းကြောင့် မအောင်မြင်ခဲ့ပေ။
ယခုရာသီကုန်တွင် PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ပြင်သစ်တိုက်စစ်မှူး ဘာပေအနေဖြင့် လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ အပြောင်းအရွှေ့ကိစ္စရပ်များအတွက် အခြားအသင်းများနှင့် တရားဝင်ဆွေးနွေးခွင့်ရရှိမည်ဖြစ်သည်။
သို့သော် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီနှင့် တိုက်စစ်မှူး ဘန်ဇီမာတို့သည် ဘာပေ၏ အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ပြောဆိုခဲ့သလို၊ အသင်းဥက္ကဋ္ဌဖြစ်သူ ပီရက်ဇ်ကလည်း ဘာပေ၏အနာဂတ်ကို လာမည့်ဇန်နဝါရီလတွင် သိရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် PSG အားကစားဒါရိုက်တာ လီယိုနာဒိုက ရီးယဲလ်အသင်းနှင့် အသင်းဥက္ကဋ္ဌ ပီရက်ဇ်တို့၏လုပ်ရပ်မှာ PSG အသင်းနှင့် ဘာပေအပေါ် လေးစားမှုမရှိသည့်လုပ်ရပ်ဖြစ်ပြီး မိမိတို့အနေဖြင့် သည်းမခံနိုင်ကြောင်း ပြောကြားခဲ့သည်။
လီယိုနာဒိုက ”ဒါက PSG အသင်းနဲ့ ဘာပေအပေါ် လေးစားမှုမရှိဘူးဆိုတာကို ပြသတဲ့ နောက်ထပ် ဥပမာတစ်ခုပါပဲ။ တစ်ပတ်အတွင်းမှာပဲ ရီးယဲလ်ကစားသမား၊ နည်းပြနဲ့ နောက်ဆုံးအသင်းဥက္ကဋ္ဌကပါ ဘာပေကို သူတို့ကစားသမားလို ပြောဆိုနေ ကြပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ဒါက လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ဒါကို သည်းမခံနိုင်ပါဘူး”ဟု ပြောကြားခဲ့သည်။
ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကမူ ဘာပေ၏အပြောင်းအရွှေ့ကိစ္စမှာ ဇန်နဝါရီ (၁)ရက်နေ့တွင် အဖြေထွက်မည်ပြောဆိုခဲ့ခြင်းမှာ PSG အသင်းအပေါ် လေးစားမှုကင်းမဲ့သည့်လုပ်ရပ်မဟုတ်ဟု တုံ့ ပြန်ခဲ့သည်။
၎င်းက ”ကျွန်တော့်ရဲ့ပြောစကားကို ကောင်းကောင်းနားမလည်ကြဘူးထင်ပါတယ်။ ကျွန်တော်ပြောတာက ဘာပေရဲ့ အနာဂတ်ကို နောက်နှစ်မှာမှ သိရမယ်လို့ ပြောတာပါ။ PSG အသင်းအပေါ် ကျွန်တော်တို့အနေနဲ့ လေးစားမှုအပြည့်ရှိပါတယ်”ဟု RMC သို့ ပြောကြားခဲ့သည်။