မန်စီးတီးအသင်းသည် စာချုပ်သစ်အတွက် လီဗာပူးလ်အသင်းအား လစာငွေများစွာတောင်းဆိုထားသူ အီဂျစ်တိုက်စစ်မှူး ဆာလာကို ပစ်မှတ်ထားနေပြီး ပေါင်(၇၅)သန်းဖြင့် ကမ်းလှမ်းဖွယ်ရှိကြောင်း TalkSPORT သတင်းဌာနက ဖော်ပြခဲ့သည်။
လီဗာပူးလ်အသင်းအတွက် ခြေစွမ်းပြဂိုးများသွင်းယူနေသူ ဆာလာသည် သူ့အား စာချုပ်သစ်ချုပ်ဆိုလိုပါက အသင်းအနေဖြင့် တစ်ပတ်လစာငွေ ပေါင် (၄)သိန်းခန့်ပေးရမည်ဟု သူ၏ အေးဂျင့်များမှတစ်ဆင့် တောင်းဆိုထားပြီး သူ၏တောင်းဆိုမှုမှာ လီဗာပူးလ်အသင်းအတွက် အခက်အခဲတစ်ရပ်ဖြစ်နေကြောင်း သိရှိရသည်။
သို့ဖြစ်ရာ လီဗာပူးလ်အသင်းနှင့် ဆာလာ၏စာချုပ်အခြေအနေကို ပြိုင်ဘက် မန်စီးတီးအသင်းက စောင့်ကြည့်နေပြီး အကယ်၍ သဘောတူညီမှုမရပါက ကမ်းလှမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆာလာသည် လက်ရှိတွင် လီဗာပူးလ်အသင်း၌ တစ်ပတ်လစာငွေ ပေါင် (၂)သိန်းဝန်းကျင် ရရှိနေသူဖြစ်ပြီး လီဗာပူးလ်အသင်းအနေဖြင့် ၎င်းအား ဆက်လက်ထိန်းသိမ်းသင့်ကြောင်း ဘောလုံးဝေဖန်သုံးသပ်သူအချို့ကလည်း မှတ်ချက်ပြုခဲ့သည်။
လစာငွေတိုးမြှင့်ပေးရန် လီဗာပူးလ်အသင်းထံသို့ ဆာလာ တောင်းဆိုခဲ့သည့်စာမှာ ပြီးခဲ့သည့်ရက်ပိုင်းက ပြင်ပသို့ပေါက်ကြားခဲ့ပြီး ယင်းထဲတွင် လစာငွေ(၃)သိန်းမှ (၃) သိန်း(၈)သောင်းအထိ တိုးမြှင့်ပေးရန်တောင်းဆိုထားကြောင်း သိရှိရသည်။
ဆာလာသည် ၂၀၁၇ ဇွန်လက စီးရီးအေကလပ် ရိုးမားမှ လီဗာပူးလ်သို့ ပြောင်းရွှေ့ကြေး ပေါင် (၃၆.၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး လတ်တလော လီဗာပူးလ်အသင်း၏ အောင်မြင်မှုများ၌ အဓိကအကျဆုံးကစားသမားတစ်ဦးဖြစ်သည်။
ဆာလာသည် လီဗာပူးလ်အသင်း၌ သူစတင်ကစားခဲ့သည့် ၂၀၁၇-၁၈ ဘောလုံးရာသီအစမှ ယနေ့အချိန်အထိ ပရီးမီးယားလိဂ်ဂိုး (၁၀၁)ဂိုး သွင်းယူထားပြီး ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် (ယင်း ကာလအတွင်း)လိဂ်သွင်းဂိုး (၁၀၀)အထက်သွင်းယူနိုင်သည့် ကစားသမားမှာ ၎င်းအပါအဝင် (၅)ဦးသာရှိကြောင်း သိရှိရသည်။
(ကျန်ကစားသမားများမှာ လီဝန်ဒေါစကီး – ၁၃၃ ဂိုး၊ မက်ဆီ – ၁၂၅ ဂိုး၊ စီရော်နယ်လ်ဒို-၁၁၀ ဂိုး၊ အီမိုဘီလီ – ၁၀၆ ဂိုးတို့ ဖြစ်ကြသည်။)
၎င်း၏ ပရီးမီးယားလိဂ်သွင်းဂိုးများအနက် (၅၉)ဂိုးမှာ လီဗာပူးလ်အသင်းကို ရမှတ်များရရှိရန် တိုက်ရိုက်အကူအညီပေးခဲ့ပြီး ယင်းဂိုးများကြောင့်ရခဲ့သည့်ရမှတ်မှာ (၅၉)မှတ်အထိရှိကြောင်းလည်း Daily Mail သတင်းစာက တွက်ချက်ဖော်ပြခဲ့သည်။
ဆာလာသည် လီဗာပူးလ်အသင်းတွင် တစ်ပွဲပျမ်းမျှ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဦးဆောင်နေပြီးအသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းယူများစာရင်းတွင် အဆင့် (၁၀)နေရာ၌ ရပ်တည်နေသည်။