အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ ဟာ ဘရိုက်တန် အသင်း နဲ့ ဂိုးမရှိ သရေကျပြီးနောက် ပွဲအပြီးမှာ အင်တာဗျူးမှာ ဝန်ခံမှု တစ်ခု ပြုလုပ် သွားခဲ့ပါတယ် ။
ဒီရာသီမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဘရိုက်တန် အသင်းဟာ အိမ်ကွင်း Amex မှာ သုံးပွဲဆက် နိုင်ပွဲရထားတဲ့ အာဆင်နယ် အသင်းကို အကောင်းဆုံး ယှဉ်ပြိုင် ကစားပြီး အနိုင်ရလဒ် နဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး ပြသ ခဲ့ပါတယ် ။
နှစ်သင်းစလုံးဟာ ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းတွေ ရခဲ့ကြပေမယ့် အဆုံးသတ် မသေချာမှုကြောင့် ဂိုးမရှိ သရေနဲ့ပဲ ပွဲပြီး သွားခဲ့တာပါ ။ ဒီနေ့ သရေပွဲကြောင့် ဘရိုက်တန် အသင်းဟာ အဆင့် ၅ ကို ယာယီ ရောက်လာ ခဲ့ပြီး အာဆင်နယ် အသင်းဟာလည်း အဆင့် ၉ နေရာကို ယာယီ ရောက်လာ ခဲ့ပါတယ် ။
ပွဲအပြီးမှာတော့ အာဆင်နယ် နည်းပြ အာတီတာ က သူတို့ အသင်းဟာ သရေတစ်မှတ်ထက် ပိုပြီး မထိုက်တန်ခဲ့ဘူးလို့ ဝန်ခံလိုက်ပြီး တိုးတက်ဖို့ လိုအပ် နေသေးတဲ့ အရာတွေ အများကြီး ရှိနေတယ်လို့ ပြောကြား လိုက်ပါတယ် ။
” ကျွန်တော်တို့ တစ်မှတ် ရလိုက်တာလို့ပဲ မြင်ပါတယ် ၊ ကျွန်တော်တို့ စွမ်းဆောင်ရည်က သရေတစ်မှတ်ထက် ပိုပြီး မထိုက်တန် ခဲ့ပါဘူး ၊ သရေတစ်မှတ်ကတော့ ထိုက်ထိုက်တန်တန် ရတာပါ ။ ကျွန်တော်တို့ ကိုယ့်ကွင်းဘက်ခြမ်းက ၁၅ မီတာ ၊ မီတာ ၂၀ မှာ ကောင်းကောင်း ခံစစ် ကစားနိုင်ခဲ့ပါတယ် ။ ”
” ဒါပေမယ့် ပွဲပြီးတဲ့အထိ ကျွန်တော်တို့ သူတို့ကို မထိန်းချူပ် နိုင်ခဲ့တယ်လို့ မခံစားရပါဘူး ၊ သူတို့ရဲ့ press ကို ဖောက်ထွက်ဖို့ ရုန်းကန် ခဲ့ရပါတယ် ၊ ပေးပို့မှုကောင်း အချို့နဲ့ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပါတယ် ၊ တကယ့်ကို ခက်ခဲတဲ့ ပွဲပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။
အာဆင်နယ် နဲ့ ပွဲမှာ ဘရိုက်တန် အသင်းဟာ ဂိုးပေါက် ကန်သွင်းချက် ၂၁ ကြိမ် အထိ ရှိခဲ့ပြီး ထရော့ဆက် ၊ ဒန်ဘန်း ၊ မောပေး တို့ အဆုံးသတ် မကောင်းတာကြောင့်သာ သွင်းဂိုး မရခဲ့တာ ဖြစ်ပါတယ် ။
ဘရိုက်တန် နည်းပြ ဂရေဟမ်ပေါလ်တာ ကတော့ ပွဲအပြီးမှာ ” ရလဒ်ကတော့ သရေရလဒ်ပေါ့ဗျာ ၊ ဒါပေမယ့် ကျွန်တော်တို့ စွမ်းဆောင်ရည်က တကယ်ကောင်းလွန်းခဲ့တယ်လို့ မြင်ပါတယ် ၊ ကျွန်တော်တို့ရဲ့ ရဲရင့်မှု အရည်အသွေးကို တကယ် သဘောကျပါတယ် ။ ”
” တကယ့်ကို အံ့အားဖို့ကောင်းတဲ့ စွမ်းဆောင်ရည်ပါပဲ ၊ ကျွန်တော့် ကောင်လေးတွေအတွက် ဂုဏ်ယူ မိပါတယ် ၊ ကျွန်တော်တို့ အသင်းသားတွေက ဂိုးပေါက်ထဲ ဂိုးဝင်အောင် မကန်သွင်းနိုင်ခဲ့တာကလွဲလို့ အကောင်းဆုံး ကြိုးစား ကစားခဲ့ကြပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။