နာမည်ကျော် ကစားသမားဟောင်းနှင့် အားကစားဆောင်းပါးရှင်၊ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ပီတာခရော့ချ်က ချယ်လ်ဆီးအသင်း၏ ကစားသမားများဖြစ်သည့် ဟာဗက်ဇ်၊ ဇီယာ့ရှ်တို့ ကို ဝေဖန်ပြစ်တင်မှုများပြုလုပ်ခဲ့ပြီး ဟာဗက်ဇ်ကို ဂျာမနီနာမည်ကြီး ကစားသမားဟောင်း အိုဇေးလ်နှင့် ခိုင်းနှိုင်းကာ ဝေဖန်မှုများပြုလုပ်ခဲ့သည်။
ပီတာခရော့ချ်က ”ကျွန်တော့်အမြင်မှာတော့ ဟာဗက်ဇ်နဲ့ ဇီယာ့ရှ်တို့က တော်တော်စိတ်ပျက်စရာပါ။ ကျွန်တော် ဟာဗက်ဇ်ကို ကြည့်ရတာ အိုဇေးလ်ကို သတိရမိတယ်။ ဟာဗက်ဇ်၊ အိုဇေးလ်တို့လို ကစားသမားတွေက နည်းစနစ်ပိုင်းမှာ ပါရမီရှင်ကစားသမားတွေဖြစ်ပြီး သူတို့လုပ်ချင်တဲ့အလုပ်တွေကို လွယ်လွယ်ကူကူ လုပ်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမဲ့ ဟာဗက်ဇ်က အိုဇေးလ်လိုပဲ အပျင်းကြီးပြီး၊ အလုပ်ကို ခိုတတ်ပါတယ်။ ဒီညပွဲလို ကစားပုံမျိုးဆိုရင် သူက တော်တော်လေး စိတ်ပျက်စရာကောင်းပါ တယ်။ မေဆန်မောင့်က ဟာဗက်ဇ်တို့လို နည်းစနစ်အရည်အသွေးမျိုးရှိပါတယ်။ ဒါပေမဲ့ သူကကျတော့ အရမ်းကြိုးစားတယ်။ နည်းစနစ်ပိုင်းကောင်းရုံတင်မဟုတ်ဘဲ၊ နည်းဗျူဟာပိုင်းကို အရမ်းလိုက်နာနိုင်တယ်။ လိုအပ်လာတဲ့ အချိန်တိုင်းမှာအသင်းရဲ့ ခံစစ်ကို ချက်ချင်းဆင်းကူပေးနိုင်တယ်။ အမြဲတမ်း အလုပ်ကို ကြိုးစားလေ့ရှိတယ်။ သူတို့ကြားက ကွာခြားချက်က အဲဒါပါပဲ”ဟု ပီတာခရော့ချ်က ပြောကြားခဲ့သည်။