နာမည်ကျော်ဘောလုံးသမားဟောင်းနှင့် ဘောလုံးသုံးသပ်သူတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ရီယိုဖာဒီနန်က BT Sports ၏ ဘောလုံးသုံးသပ်မှုအစီအစဉ်အတွင်း မန်ယူအသင်းနှင့် ဗီလာရီးယဲလ်တို့ပွဲအပြီးတွင် စီရော်နယ်လ်ဒိုက ၎င်းထံ မက်ဆေ့ချ် ပေးပို့ခဲ့သည့် အကြောင်းကို အခြားသုံးသပ်သူများအား ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် ဗီလာရီးယဲလ်အသင်းဘက်သို့ (၉၅)မိနစ်တွင် ဂိုးသွင်းယူခဲ့ပြီးနောက် မန်ယူအသင်းကို (၃)မှတ်ယူပေးခဲ့ပြီး ယင်းပွဲအပြီးတွင် ဖာဒီနန်ထံသို့ မက်ဆေ့ချ် ပို့ခဲ့ခြင်းဖြစ်သည်။
ယင်းမက်ဆေ့ချ်မှာ စီရော်နယ်လ်ဒိုသည် ယင်းပွဲစဉ်တွင်ကစားခဲ့သည့် ခြေစွမ်းမကောင်းသည်ကို သိရှိသော်လည်း ဂိုးသွင်းနိုင်လိမ့်မည်ဟု ကြိုသိနေခဲ့ကြောင်း ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း ဖာဒီနန်က ပြောကြားခဲ့သည်။
”ဒီညပဲ သူ ကျွန်တော့်ဆီကို မက်ဆေ့ချ် ပို့ခဲ့ပါတယ်။ သူကစားတာ မကောင်းဘူးဆိုပေမဲ့ ဂိုးသွင်းနိုင်လိမ့်မယ်ဆိုတာကိုတော့ သိနေခဲ့တယ်လို့ ရေးထားခဲ့ပါတယ်”ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖာဒီနန်က ဆက်လက်ပြီး ”အဲဒါ သူ့ရဲ့ယုံကြည်မှုပဲ။ တခြားကစားသမားတွေက အဲဒီလို ယုံကြည်မှုမျိုးကို အတုယူရမှာ။ ဒီနေ့ပွဲမှာဆိုရင် မန်ယူကစားတာ မကောင်းခဲ့ပါဘူး။ ဒီကစားပုံက ဆိုးလ်ရှား လိုချင်တဲ့ အဆင့်အတန်းမျိုးလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အသင်းအတွက်၊ ပရိသတ်တွေအတွက် သွင်းဂိုးတွေ လိုအပ်လာရင် စီရော်နယ်လ်ဒို ရှိနေပါတယ်။ သူက သွင်းဂိုးတွေကို အမြဲလိုချင်နေတဲ့သူဖြစ်ပြီး သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းက သူ့အကြောင်းကို ပြောပါတယ်။ စီရော်နယ်လ်ဒိုလို ကစားသမားတစ်ဦးကို ပိုင်ဆိုင်ထားတယ်ဆိုရင် အသင်းရဲ့အဝတ်လဲခန်းအတွက်တော့ ကံကောင်းတာပါပဲ”ဟုလည်း ပြောကြားခဲ့သည်။