မန်ယူအသင်းပိုင်ရှင် ဂျိုယဲလ်ဂလေဇာက အသင်းအားတိုးတက်စေရန်အတွက် အပြောင်းအရွှေ့စျေး ကွက်တွင် ပိုမိုအားထုတ်ရမည်ဖြစ်ကြောင်း မန်ယူပရိသတ်များနှင့် ပြုလုပ်သော ဖိုရမ်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်သောကြာနေ့က မန်ယူပရိသတ်များနှင့် ပြုလုပ်ခဲ့သော ပရိသတ်ဖိုရမ်တွင် အမေရိကန်နိုင်ငံ၌ နေထိုင်နေသော ဂျိုယဲလ်ဂလေဇာက ဗီဒီယိုလင့်မှတစ်ဆင့် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းပိုင်ရှင် ဂလေဇာညီအစ်ကိုများသည် မန်ယူပရိသတ်များနှင့် တစ်နှစ်လျှင် (၄)ကြိမ် ယခုကဲ့သို့တွေ့ဆုံပြီး ကလပ်အသင်းနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ညှိနှိုင်းရန် သဘောတူထားပြီး အသင်းတိုးတက်ရေးအတွက် လိုအပ်ချက်များကို အပြန်အလှန်ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဂျိုယဲလ်ဂလေဇာက အသင်းအနေဖြင့် ကွင်းပြင်ပ (စီးပွားရေး)အောင်မြင်မှုထက် ကွင်းတွင်း(ဆုဖလားများရရှိရေး) အောင်မြင်မှုက ပိုမိုအရေးကြီးကြောင်းလည်း ယင်းတွေ့ ဆုံမှု၌ ပြောကြားခဲ့သည်။
”ကွင်းတွင်း အောင်မြင်မှု အမြဲတမ်းရရှိနေဖို့က အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့နွေရာသီကာလ အသင်းရဲ့ ကစားသမားဖြည့်တင်းမှုကို ကျွန်တော် နှစ်သက်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ ဒီထက် တိုးတက်မှုတွေ ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ (အပြောင်းအရွှေ့စျေးကွက်မှာ) ပိုမိုအားထုတ်ကြိုးပမ်းနေဖို့ လိုအပ်ပါတယ်”ဟု ဂျိုယဲလ်ဂလေဇာက ပြောကြားခဲ့သည်။