ရီးရဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား တိုနီ ခရူးဟာ မတ်လ အတွင်းမှာ ကတည်းက ဒဏ်ရာပြသနာ ရရှိခဲ့တာ ဖြစ်ပေမယ့် ၊ ချန်ပီယံလိဂ် ပွဲစဉ်တွေ နဲ့ ယူရို ပြိုင်ပွဲ ရှိနေတာကြောင့် အနားယူခြင်း မရှိပဲ ပေ ကစားခဲ့ပါတယ်။
မနေ့ကတော့ အဲဒီလို ဒဏ်ရာကြီး နဲ့ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေ အကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်ပြီး ၊ မကြာခင်မှာ ရီးရဲ မက်ဒရစ် အတွက် ပြန်လည် ကစားပေးနိုင်တော့မယ့် အကြောင်းကိုလဲ ဖွင့်ဟသွားခဲ့ ပါတယ်။ သူဟာ ဂျာမဏီ နဲ့ အတူ ယူရို ပြိုင်ပွဲ ဆင်နွှဲပြီး ကတည်းက တပွဲမှ ကစားပေးရခြင်း မရှိသေးပဲ ၊ ပေါင်ခြံ ဒဏ်ရာ သက်သာလာဖို့ အတွက် ကုသမှုတွေ ခံယူခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အဲဒီ ဒဏ်ရာ အတော်လေးကို ပြန်လည် သက်သာနေပြီ ဖြစ်သလို ၊ ကစားဖော်တွေ နဲ့ အတူ လေ့ကျင့်ခန်းတွေပါ ပြန်လည် လုပ်ဆောင်နေပြီ ဖြစ်တဲ့ အကြောင်းကို အခုလို ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
“ ကျနော် ပျော်နေတယ်ဗျ ဘာလို့လဲ ဆိုတော့ ဒီကနေ့မှာ ကျနော်ရဲ့ တတိယမြောက် လေ့ကျင့်ခန်း အစီအစဉ်တွေ ကို နာကျဉ်မှု လုံး၀ မရှိပဲ လုပ်ဆောင်နိုင်ခဲ့တယ်လေ။ လွန်ခဲ့တဲ့ 6 လ တာ ကာလ တခုအတွင်း အခုလို ဒဏ်ရာ ကင်းကင်း နဲ့ လုပ်ဆောင်နိုင်ခဲ့တဲ့ အပေါ်လဲ ကျေနပ်နေမိပါတယ်။
ကျနော် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်က ဇွန်လ 29 ရက်နေ့ တုန်းကပါ ၊ အဲဒီတော့ တွက်ကြည့်လိုက်ရင် ဘောလုံးပွဲတွေ နဲ့ ဝေးကွာနေခဲ့တာ 3 လ တောင်ရှိနေပါပြီ။ ဒါကြောင့်မို့ နည်းနည်းတော့ ပုံမှန် ရစ်သမ် ပြန်ရနေပြီပေါ့ဗျာ။ ဒါပေမယ့် အရေးအကြီးဆုံး က ဒဏ်ရာ ပြသနာ အနှောက်အယှက် မရှိတော့တာပါပဲ။
အခုဆိုရင် ကိုယ့်ထဲက ဖြစ်ချင်နေတဲ့ နောက်ထပ် ပွဲစဉ်တွေကို ဘယ်လို ပါဝင် ကစားပေးနိုင်တော့မယ် ဆိုတာတွေကို ခေါင်းထဲ ထည့်လာနိုင်ပြီမို့ အရမ်းကို ကျေနပ်စရာပါ။
လွန်ခဲ့တဲ့ 5-6 လ အတွင်းမှာ တုန်းက ဆိုရင် တကွေ့ကွေ့မှာတော့ ဘောလုံးကစားတာ ရပ်ပြီး ၊ ဒဏ်ရာ ကို စနစ်တကျ ကုသဖို့ လိုနေပြီ ဆိုတာ သိနေခဲ့ပါတယ် ဘာလို့လဲ ဆိုတော့ ဖြစ်နေတာက အရမ်းကြာလွန်းနေပြီလေ။
တိတိကျကျ ဆိုရရင် မတ်လ လောက်မှာ ကတည်းက ပေါင်းခြံ တဝိုက်က တခုခု ဖြစ်နေသလို ခံစားခဲ့ရတာပါ။ ဒါပေမယ့် အရေးကြီးတဲ့ ပွဲစဉ်တွေ ရှိနေတဲ့ အတွက် ၊ ချက်ခြင်းကြီး ကုသမှု ခံယူရဖို့ကလဲ မဖြစ်နိုင်သေးပါဘူး။ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် ၊ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေ ကျန်နေသေးသလို ၊ ယူရို ပြိုင်ပွဲကလဲ ကျန်နေသေးတယ်လေ။
အဲဒီ အကြောင်းအရာတွေကြောင့် ကစားပေးနေရာကနေ ချက်ခြင်း ရပ်ပစ်ဖို့ ခက်ခဲခဲ့ပါတယ်။ ကိုယ့် ကိုယ်ကို ဖြေသိမ့်မိခဲ့တာက ရာသီအကုန်ဆိုရင်တော့ အားလပ်ရက် အနားယူကြည့်လိုက်မယ် ၊ အဲဒီ အချိန်မှာ ပြန်ပြီး ပျောက်ကင်းချင် ပျောက်ကင်းသွားမှာ ဆိုပြီး စောင့်ကြည့်ဖြစ်ခဲ့ပါသေးတယ်။ ရီးရဲ မက်ဒရစ် နဲ့ အတူ ရာသီ အကြို လေ့ကျင့်ခန်းတွေ ပြန်လည် စတင်ဖို့ ရောက်လာချိန်မှာ ဒဏ်ရာ ပြသနာ က ရှင်းရှင်းလင်းလင်း မဟုတ်သေးဘူး ဆိုတာ သတိထားမိလိုက်ပါတယ်။
ဒါနဲ့ပဲ ကုသမှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ရတော့တာပါ။
ဒဏ်ရာ ပြသနာ က ထင်ထင်ရှားရှားကြီး မဟုတ်တော့ ၊ ဘယ်နေရာကနေ ဖြစ်နေတယ် ဆိုတာ တိတိကျကျ ရှာဖွေဖို့ အတွက် တော်တော်လေးကို ကြိုးစားယူခဲ့ရပါတယ်။ ခွဲစိတ် ကုသမှုတွေ လုပ်ဆောင်ဖို့ အတွက်တော့ ကျနော် ကိုယ်တိုင်က ဆန္ဒမရှိတဲ့ အတွက် ၊ ရှေးရိုး နည်းတွေ အတိုင်း ကုသဖို့ ရွေးချယ်ခဲ့တာပါ။ အဲဒီ အတွက် အနားယူချိန်က နည်းနည်းလေးတော့ ပိုကြာသွားခဲ့ပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ 6 လ အတွင်း ဆေးဝါးတွေ အကူအညီနဲ့ ပေပြီး ကစားခဲ့တာ စာရင် ၊ ဒီလောက်တော့ ပြန်လည် ပေးဆပ်ရမှာပဲလေ” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။
ရီးရဲ မက်ဒရစ်ဟာ ဒီတပတ်မှာတော့ မော်ဒိုဗာ ကလပ် ရှရိဖ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး ၊ အဲဒီပွဲစဉ် အတွက် ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ဂျာမန် ကွင်းလယ်လူက ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။