ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်က ယခုရာသီတွင် ရနိုင်သမျှဖလားအားလုံးကို ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့၍ ယခုနှစ်ကုန်ပိုင်းတွင် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားရမည်ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ယူရိုပါလိဂ်ချန်ပီယံ ဗီလာရီးယဲလ်အသင်းကို အနိုင်ရပြီး ဥရောပစူပါဖလား ရရှိထားသော ချယ်လ်ဆီးအသင်းအနေဖြင့် ဖီဖာကလပ်ကမ္ဘာ့ဖလားအပါအဝင် နောက်ထပ်ဖလား(၅)လုံးရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီး တူဟယ်လ်က ယင်းဖလားအားလုံးကို ရနိုင်သမျှ အရယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
”ဆုဖလားတွေ ရယူဆွတ်ခူးနိုင်ဖို့ အသင်းကိုတည်ဆောက်နေပြီး အောင်ပွဲတွေရယူဖို့ဆိုတာ ချယ်လ်ဆီးအသင်းရဲ့ DNA ဖြစ်ပါတယ်”ဟု တူဟယ်လ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သည့် မန်စီးတီးနှင့်ပွဲတွင် (၀-၁)ဂိုးဖြင့် အရေးနိမ့်ပြီး ယခုရာသီ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ရမှုအတွက် အသင်း၏စွမ်းဆောင်ရည်သည် မည်သည့်အနေအထားတွင်မှ ပုံစံကောင်းမရခဲ့ဟု ဝေဖန်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ယင်းပွဲတွင် ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မျှမရှိဘဲ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။