အသက် (၁၉)နှစ်အရွယ် တိုက်စစ်ကစားသမား ဒန်နီယဲလ်မာလ်ဒီနီသည် အေစီမီလန်အသင်းအတွက် ဂိုးသွင်းယူနိုင်သည့် တတိယမြောက် မာလ်ဒီနီမျိုးဆက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ဒန်နီယဲလ်မာလ်ဒီနီသည် ပြီးခဲ့သည့်စပီဇီယာအသင်းနှင့်ပွဲတွင် အေစီမီလန်အသင်း၏ ပွဲထွက်လူစာရင်း၌ ပထမဆုံးအကြိမ်ပါဝင်လာပြီး ပထမဆုံးစီးရီးအေသွင်းဂိုး ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။
ဒန်နီယဲလ်မာလ်ဒီနီသည် အေစီမီလန်အသင်းအတွက် သူ၏ ဖခင်ဖြစ်သူ ပေါ်လိုမာလ်ဒီနီ နောက်ဆုံးအကြိမ် စီးရီးအေပွဲစဉ်ကစားခဲ့သည့် ပွဲအပြီး (၁၂)နှစ်နှင့် (၁၁၇) ရက်အကြာတွင် အေစီမီလန်အသင်း ပွဲထွက်လူစာရင်း၌ ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒန်နီယဲလ်မာလ်ဒီနီသည် အဘိုးဖြစ်သူ ဆီဆာမာလ်ဒီနီ၏ စီးရီးအေနောက်ဆုံးသွင်းဂိုးနှင့် (၆၀)နှစ်၊ (၂၂)ရက်၊ ဖခင်ဖြစ်သူ ပေါ်လိုမာလ်ဒီနီ၏ စီးရီးအေနောက်ဆုံးသွင်းဂိုးနှင့် (၁၃)နှစ်၊ (၁၇၉)ရက် အကြာတွင် စီးရီးအေသွင်းဂိုး ပိုင်ဆိုင် ခဲ့ခြင်းလည်းဖြစ်သည်။
စပီဇီယာအသင်းနှင့်ပွဲကို ကွင်းအတွင်းလာရောက်ကြည့်ရှုခဲ့သည့် အေစီမီလန်အသင်းနည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီသည် သူ့သား၏သွင်းဂိုးအတွက် ပျော်ရွှင်ကြည်နူးစွာအောင်ပွဲခံခဲ့သည်ကို ရုပ်သံမှတ်တမ်းများတွင် မြင်တွေ့ခဲ့ရသည်။
အေစီမီလန်အသင်းသည် စပီဇီယာအသင်းနှင့်ပွဲတွင် (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။