စပါးအသင်းသည် ပြီးခဲ့သည့် စက်တင်ဘာ (၁၉)ရက်နေ့က ကွယ်လွန်သွားခဲ့သော အသင်းဂန္ထဝင်တိုက်စစ်မှူး ဂျင်မီဂရေ့ဗ်စ် (၈၁ နှစ်)၏ ပုံတူရုပ်တုအား ပြုလုပ်ရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။
စပါးအသင်းတွင် ၁၉၆၁ မှ ၁၉၇၀ ခုနှစ်အထိကစားခဲ့သူ ဂျင်မီဂရေ့ဗ်စ်သည် ချယ်လ်ဆီး၊ အေစီမီလန်၊ ဝက်စ်ဟမ်းအစရှိသော အသင်းများတွင်လည်း ကစားခဲ့သူဖြစ်ပြီး၊ သူကွယ်လွန်ချိန်၌ သူ၏ရုပ်တုပြုလုပ်ပြီး ကွင်းပြင်ပတွင်ထားရှိရန် စပါးပရိသတ်အချို့က တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော်စပါးအသင်းတာဝန်ရှိသူများက ကလပ်အသင်း၏ ဂန္ထဝင်များ ပုံတူရုပ်တုပြုလုပ်ခြင်းမရှိသည့် မူဝါဒအရ ၎င်း၏ရုပ်တုကို ပြုလုပ်ရန် အစီအစဉ်မရှိဟု ငြင်းဆိုခဲ့သည်။
သို့ရာတွင် စပါးအသင်းသည် ကွင်းသစ်ကြီးတွင် အမှတ်တရပြတိုက် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ယင်းပြတိုက်တွင်မူ ဂျင်မီဂရေ့ဗ်စ်အပါအဝင် ဂန္ထဝင်ကစားသမားများကို ဂုဏ်ပြုသည့်အစီအစဉ်များ ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။