မန်ယူအသင်းသည် အက်ဒ်ဝုဒ်ဝက်ဒ်နေရာတွင် အစားထိုးခန့်အပ်မည့် အမှုဆောင်ချုပ်သစ်ကို ယခုရက်သတ္တပတ်အတွင်း အတည်ပြုကြေညာဖွယ်ရှိကြောင်း သိရသည်။
အက်ဒ်ဝုဒ်ဝက်ဒ်(၄၉ နှစ်)သည် မန်ယူအသင်းအား ဝယ်ယူရန် ဂလေဇာမိသားစုကို အကြံပေးခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အသင်း၏ အမှုဆောင်ချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။
၎င်းသည် အပြောင်းအရွှေ့ကာလများ၌ လှုပ်ရှားမှု နှေးကွေးလွန်းသည်ဟု ဝေဖန်ခံခဲ့ရသလို၊ မန်ယူနည်းပြအဖြစ် မော်ရင်ဟို တာဝန်ယူစဉ်ကလည်း လိုချင်သည့်ကစားသမားများကို ခေါ်ယူပေးခြင်းမရှိဟု ပြစ်တင်ခံခဲ့ရဖူးသည်။
ရာထူးမှ နုတ်ထွက်ရန် စီစဉ်ခဲ့သည့် အဓိကပြဿနာမှာမူ ဥရောပစူပါလိဂ်စီမံကိန်းကို ထောက်ခံဆွေးနွေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုနှစ်ကုန်တွင် ရာထူးမှ နုတ်ထွက်မည့် အက်ဒ်ဝုဒ်ဝက်ဒ်၏နေရာ၌ လက်ရှိအသင်း၏ စီမံခန့်ခွဲမှုဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေသော ရစ်ချတ်အာနိုးလ်ကို ခန့်အပ်ရန် စီစဉ်ထားပြီး အတည်ပြုကြေညာရန်သာ လိုတော့ကြောင်းလည်း သိရသည်။
ရစ်ချတ်အာနိုးလ်(၅၀ နှစ်)သည် မန်ယူအသင်းသို့ ၂၀၀၇ ခုနှစ်ကတည်းက ရောက်ရှိနေခဲ့သူဖြစ်ပြီး စီးပွားရေးနှင့် စျေးကွက်ဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူထားသူဖြစ်ကြောင်းလည်း သိရသည်။