PSG အသင်း၏ တိုက်စစ်မှူးသစ် မက်ဆီသည် ၎င်း၏သားများကို PSG လူငယ်အသင်းများ၌ ယှဉ်ပြိုင်ကစားစေရန် စီစဉ်ထားပြီး ပြင်သစ်နိုင်ငံတွင် ကြာမြင့်စွာ နေထိုင်ဖွယ်ရှိသည်ဟု Marca သတင်းစာက ဖော်ပြခဲ့သည်။
မက်ဆီသည် PSG အသင်းနှင့် (၂)နှစ်စာချုပ်ချုပ်ဆိုထားပြီး (၁)နှစ် ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီမှုလည်း ရယူထားသည်။
သို့သော် ယင်းအချိန်ကာလသာမကဘဲ သားများအပေါ်မူတည်၍ ပြင်သစ်တွင် ပိုမိုအချိန်ပေးနေထိုင်ဖွယ်ရှိသည်ဟု Marca က သုံးသပ်ခဲ့သည်။
မက်ဆီတွင် သား(၃)ဦးရှိပြီး သီယာဂိုက (၉)နှစ်၊ မတ်တီယိုက (၆)နှစ်၊ ကိုင်ရိုက (၃)နှစ်ရှိပြီဖြစ်သည်။
၎င်းတို့အနက် အကြီးဆုံးသား သီယာဂိုကို PSG ယူ-၁၀ သို့မဟုတ် ယူ-၉ အသင်းတွင်လည်းကောင်း၊ မတ်တီယိုကို PSG ယူ-၇ အသင်းတွင်လည်းကောင်း ကစားစေမည်ဖြစ်ပြီး ယခုအခါ အပ်နှံမှုပင် ပြုလုပ်ထားပြီးဖြစ်ကြောင်းလည်း L’Equipe သတင်း စာက ဖော်ပြခဲ့သည်။
မက်ဆီသည် အမေရိကန်နိုင်ငံတွင် တိုက်ခန်းဝယ်ယူထားသောကြောင့် PSG အသင်းနှင့် စာချုပ်သက်တမ်းပြည့်ပါက မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများရှိနေသော်လည်း သားများ၏နောင်ရေးအတွက် အလျင်စလိုအပြောင်းအလဲပြုလုပ်ဖွယ်မရှိကြောင်း သိရသည်။
ထို့ပြင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် ဘာစီလိုနာမြိုတွင်သာ ပြန်လည်အခြေချဖွယ်ရှိကြောင်းလည်း မိတ်ဆွေအချို့က သုံးသပ်ထားသည်။