အီတလီလက်ရွေးစင်အသင်း၏ နည်းပြ မန်စီနီက ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံး သမားဆု(Ballon d’Or)ကို ချယ်လ်ဆီးနှင့် အီတလီကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ရရှိသင့်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ဂျော်ဂျင်ဟို(၂၉ နှစ်)သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းနှင့် ချန်ပီယံလိဂ်ဖလား ရရှိခဲ့သလို၊ အီတလီလက်ရွေးစင်အသင်းနှင့်လည်း ယူရို-၂၀၂၀ ချန်ပီယံဆုကို ရရှိခဲ့သည်။
ထို့ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)မှ ချီးမြှင့်သည့် ၂၀၂၀-၂၁ ရာသီအတွက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သည်။
ယခုအခါ ကမ္ဘာ့ဖလားခြေစစ်ပွဲအကြို ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ် Ballon d’Or ဆုကို ဂျော်ဂျင်ဟို ရသင့်သလားဟု မေးမြန်းခဲ့ရာ မန်စီနီက ”ကျွန်တော်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဒီဆုအတွက် သူ့ကိုပဲ ကျွန်တော် ရွေးချယ်ချင်ပါတယ်။ သူက ဒီရာသီမှာ အရာအားလုံးကို အောင်နိုင်ခဲ့သူဖြစ်တာကြောင့် ဒီဆုက သူနဲ့ ထိုက်တန်ပါတယ်”ဟု ပြောကြားခဲ့သည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှ ရွေးချယ်ချီးမြှင့်သည့် Ballon d’Or ဆုကို လာလီဂါကစားသမားများသာ ရရှိနေခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကစားသမားများထဲမှ နောက်ဆုံးရရှိခဲ့သူမှာ ၂၀၀၈ ခုနှစ်က မန်ယူအ သင်းတွင်ကစားပြီး ရရှိခဲ့သည့် စီရော်နယ်လ်ဒိုဖြစ်သည်။
ထို့ပြင် အီတလီလက်ရွေးစင်ကစားသမားများထဲမှ နောက်ဆုံးရရှိခဲ့သူမှာ ကင်နာဗာရို(၂၀၀၆)ဖြစ်ကြောင်းလည်း သိရသည်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ပြီးခဲ့သည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Ballon d’Or ဆု ချီးမြှင့်ခဲ့ခြင်းမရှိဘဲ ယခုနှစ်အတွက် ဆုချီးမြှင့်ပွဲကိုမူ ဒီဇင်ဘာလတွင် ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
၂၀၂၁ ခုနှစ်အတွက် မက်ဆီ၊ လီဝန်ဒေါစကီး၊ ဂျော်ဂျင်ဟို၊ ကွန်တေနှင့် လူကာကူတို့ အပြိုင်လုရဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားသည်။