ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက စီရော်နယ်လ်ဒို မရှိခြင်းအတွက် စိတ်ပျက်မနေဘဲ အာရုံစိုက်ကစားရန် သူ၏အသင်းသားများကို သတိပေးပြောကြားခဲ့သည်။
ပြီးခဲ့သည့် စီးရီးအေပွဲစဉ် (၂)တွင် ဂျူဗင်တပ်စ်အသင်းသည် အမ်ပိုလီအသင်းကို အိမ်ကွင်းတွင် (၀-၁)ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ပြီးနောက် အယ်လီဂရီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေအဖွင့်ပွဲစဉ်တွင်လည်း အူဒီးနီးစ်အသင်းနှင့် (၂-၂)ဂိုးဖြင့် သရေကျခဲ့သဖြင့် (၂)ပွဲကစားပြီးချိန်တွင် ရမှတ်တစ်မှတ်သာရရှိသေးသဖြင့် တစ်ကျော့ပြန်နည်းပြ အယ်လီဂရီအတွက် စိတ်ပျက်စရာဖြစ်နေသည်။
အမ်ပိုလီအသင်းနှင့်ပွဲစဉ်မှာ အယ်လီဂရီအတွက် (၂)နှစ်အတွင်း ပထမဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်သည်။
အယ်လီဂရီက ”စီရော်နယ်လ်ဒိုကို ဆက်ပြီးမထိန်းသိမ်းထားနိုင်တဲ့အကြောင်း တွေးနေရမယ့်အချိန်မဟုတ်ဘူး။ ကျွန်တော်တို့ အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်ရပါမယ်။ တစ်ဦးတစ်ယောက်မရှိတာကို ဆင်ခြေပေးနေလို့လည်း မရပါဘူး။ ကျွန်တော်တို့ ပွဲကို အကောင်းဆုံးစတင်နိုင်ပေမဲ့ အမှားတစ်ခုကြောင့် ပေးဆပ်လိုက်ရပါတယ်။ ကျွန်တော်တို့အသင်း စုစည်းညီညွတ်စွာ ရှေ့ဆက်သင့်ပါပြီ။ အဖွင့်ပွဲ (၂)ပွဲဆက် ခြေချော်ခဲ့တာကို သင်ခန်းစာယူပြီး အခက်အခဲကနေ ရုန်းထွက်ရပါမယ်” ဟု ပြောကြားခဲ့သည်။
အမ်ပိုလီအသင်းနှင့်ပွဲတွင် ဂျူဗင်တပ်စ်အသင်းသည် ဒဏ်ရာနှင့် ကြံ့ခိုင်မှုမပြည့်သည့် ကစားသမားများရှိခဲ့သဖြင့် အခက်အခဲရင်ဆိုင်ရကြောင်းလည်း အယ်လီဂရီက ဝန်ခံခဲ့သည်။
အယ်လီဂရီသည် ရမ်ဆေးနှင့် အာသာတို့ ဒဏ်ရာရရှိနေသဖြင့် နောက်ခံလူ ဒန်နီလိုကို ကွင်းလယ် (၃)ယောက်တန်းတွင် ထားကစားခဲ့ရသလို၊ ကွင်းလယ်လူ မက်ကန်နီးကိုလည်း ဒီဘားလားနှင့် ခီယေဆာတို့၏နောက် AM Role တွင် ထားကစားခဲ့ရသည်။
သို့သော် ဂျူဗင်တပ်စ်အသင်းပရိသတ်အများစုကမူ ကွင်းလယ်တွင် ကစားသမားသစ် လိုကာတယ်လီကို (၆၆) မိနစ်မှ လူစားဝင်ကစားစေခြင်း၊ ကူလူဆက်ဗ်စကီး၊ မိုရာတာတို့ကို ဒုတိယပိုင်းမှ ကစားစေခြင်းတို့အတွက် အယ်လီဂရီအား ဝေဖန်နေကြသည်။
ဂျူဗင်တပ်စ်အသင်းသည် အမ်ပိုလီအသင်းနှင့်ပွဲတွင် ဂိုးပေါက်ကန်သွင်းခွင့် (၁၈) ကြိမ်အထိရရှိသော်လည်း အမ်ပိုလီဂိုးသမား ဗစ်ကာရီယို လက်စွမ်းပြသဖြင့် ကံဆိုးခဲ့ရသည်။