ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဟာသာဘာလင်အသင်းအား (၅-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်အတွက် ဘိုင်ယန်မြူးနစ်ကစားသမားဘဝ ဂိုး(၃၀၀)ပြည့်မြောက်ခဲ့သည့်အပြင် ဂန္ထဝင်တိုက်စစ်မှူး ဂတ်မူလာ၏ (၁၅)ပွဲဆက် ဂိုးသွင်းယူနိုင်သည့်စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရသည်။
လီဝန်ဒေါစကီးသည် ၂၀၁၄ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ယခုရာသီမှာ (၈)ရာသီမြောက်ဖြစ်သည်။
လီဝန်ဒေါစကီးသည် ရာသီတိုင်းတွင် ဘိုင်ယန်မြူးနစ်အသင်း၏ အမာခံကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး ၎င်း၏ဂိုးသွင်းစွမ်းရည်မှာ အသက်(၃၀)ကျော်ပြီးနောက်ပိုင်းတွင် ပိုမိုထက်မြက်လာခဲ့သည်။
နောက်ဆုံး(၂)ရာသီ၌ ကစားခဲ့သည့်ပွဲအရေအတွက် သွင်းဂိုးအရေအတွက် ပိုမိုများပြားခဲ့ပြီး ၂၀၁၉-၂၀ ရာသီတွင် (၄၇)ပွဲကစားကာ (၅၅)ဂိုး သွင်းယူခဲ့သလို၊ ၂၀၂၀-၂၁ ရာသီတွင် ပွဲ(၄၀)ကစားကာ (၄၈)ဂိုး သွင်းယူနိုင်ခဲ့သည်။
ယခုရာသီတွင်လည်း (၄)ပွဲကစားကာ (၇) ဂိုးသွင်းယူထားနိုင်ခဲ့ပြီဖြစ်သည်။
ယင်းကဲ့သို့ တိုက်စစ်စွမ်းရည်မြင့်မားမှုကြောင့်လည်း လီဝန်ဒေါစကီးအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် (၃၃၃) ပွဲကစားအပြီးမှာပင် ဂိုး(၃၀၀)ပြည့်မြောက်ခဲ့ခြင်းလည်းဖြစ်သည်။
လီဝန်ဒေါစကီးသည် ဟာသာဘာလင်နှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်ကစားသမားဘဝ (၂၉၉၊ ၃၀၀၊ ၃၀၁)ဂိုးမြောက်တို့ကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည့်အပြင် (၁၆)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်သည့်မှတ်တမ်းကိုလည်း ပိုင်ဆိုင်ခဲ့သည်။
ထို့ကြောင့် ၁၉၆၀ ခုနှစ်က ဂန္ထဝင်တိိုက်စစ်မှူး ဂတ်မူလာ တင်ထားခဲ့သည့် (၁၅)ပွဲဆက် ဂိုးသွင်းနိုင်သည့်စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လ(၁၅)ရက်နေ့က ကွယ်လွန်သွားခဲ့သော ဂတ်မူလာသည် ၁၉၆၉-၇၀ ရာသီတွင် (၁၅)ပွဲဆက်တိုက်ဂိုးသွင်းယူကာ အသင်းတွင် ပွဲဆက်အများဆုံးဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ လီဝန်ဒေါစကီးက အဆိုပါစံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးသည် ပြီးခဲ့သည့်ရာသီက အာမီးနီးယားအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဘွန်ဒစ်လီဂါပွဲစဉ်တွင် ပွဲဆက်ဂိုးသွင်းမှတ်တမ်းကို အစပြုခဲ့ခြင်းဖြစ်ပြီး ဘွန်ဒစ်လီဂါ(၁၃)ပွဲ၊ ချန်ပီယံလိဂ်(၂)ပွဲနှင့် ဂျာမန်စူပါဖလားပွဲတို့ ပါဝင်ခဲ့သည်။
ယင်း(၁၆)ပွဲတွင် လီဝန်ဒေါစကီးသည် စုစုပေါင်း(၂၆)ဂိုး သွင်းယူခဲ့ကြောင်းသိရသည်။
လီဝန်ဒေါစကီးသည် ပြီးခဲ့သည့်ရာသီတွင် ဘွန်ဒစ်လီဂါ ၌ (၄၁)ဂိုးသွင်းပြီး စံချိန်တင်ခဲ့သူလည်းဖြစ်သည်။