ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကပဲ ယူနိုက်တက် အတွက် တရာသီ သွင်းဂိုး 20 လောက် ကို ဘယ်သူက တာ၀န်ယူ သွင်းပေးမလဲ ဆိုတဲ့ မေးခွန်းကို ဂယ်ရီ နဗီးလ် က ပြောဆိုခဲ့ပြီးနောက်ပိုင်း ၊ အိုးထရက်ဖို့ တာ၀န်ရှိသူတွေက မထင်မှတ်တဲ့ အပြောင်းအလဲတွေ နဲ့ ကစားသမားဟောင်း ရိုနာဒို ကို ခေါ်ယူပြလိုက်ပြီ ဖြစ်ပါတယ်။
ရိုနာဒို ဟာ ရောက်လေရာ အသင်းတိုင်းမှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြနေသူ ဖြစ်လို့ ၊ လက်ရှိ ဆိုးရှား အတွက် လိုအပ်နေတဲ့ ဒေါင်ဒေါင်မြည် တိုက်စစ်နေရာ အတွက် ပြည့်ပြည့်၀၀ ဖြည့်တင်းပေးနိုင်မှာလဲ သေချာပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကြီးမားလွန်းတဲ့ အရှိန်အဝါတွေ ၊ စည်းကမ်း လိုက်နာမှု အပြည့်နဲ့ ကြိုးစားပြတဲ့ လုပ်အားနှုန်းတွေကြောင့်လဲ ယူနိုက်တက် ရဲ့ အ၀တ်လဲခန်း အတွင်းမှာသာမက ၊ လေ့ကျင့်ရေး အစီအစဉ်တွေမှာပါ သက်ရောက်မှု ကြီးမားဦးမှာပါ။
တနည်းဆိုရရင် ယူနိုတက် ကို သူ ရောက်ရှိလာတာက လက်ရှိ အခြေအနေထက် တဆင့်ပိုပြီးမြင့်သွားနိုင်တာမို့ ၊ ချန်ပီယံ ဖလားတွေကိုလဲ စိန်ခေါ်ပြနိုင်တဲ့ အဆင့်မျိုးအထိတောင် ရှိသွားနိုင်တယ်လို့ ပရိသတ်တွေ အားလုံးက ယုံကြည်လျှက် ရှိနေပါတယ်။
သို့သော် ဂန္တ၀င် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ် ကတော့ ရိုနာဒို ရောက်လာလို့ အသင်းက ပိုပြီး တောင့်တင်းသွားတဲ့ အချက်ကို လက်ခံပေမယ့် ၊ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးဖို့ အတွက်တော့ မန်စီးတီး နဲ့ ချဲဆီး ကို ကျော်ဖြတ်ပြီး စွမ်းဆောင်ပြဖို့ ဆိုတာ ဖြစ်နိုင်ချေ အရမ်း နည်းပါးနေဆဲ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။
“ ပရီးမီးယားလိဂ် ရဲ့ အဆင့်အတန်း က အမြင့်ဆုံး ကို ရောက်နေတာ အချိန် အတော်ကြာနေပါပြီ။ အဲဒီလို ဥရောပ ရဲ့ ထိပ်ဆုံး အဆင့်ကို ရောက်ရှိလာခြင်း နဲ့ အတူ ယူနိုက်တက် ဟာလဲ တကယ့် အရည်သွေးမြင့် အသင်းကြီးတွေ နဲ့ပဲ ပုခုံးချင်း ယှဉ်လာရပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ ဆိုရင် ယူနိုက်တက် အနေနဲ့ 10 မှတ်ပြတ်လောက် နဲ့တောင် ပရီးမီးယားလိဂ် ကို ဗိုလ်စွဲသင့်တယ်လို့ ကျနော် ကိုယ်တိုင်ပြောခဲ့ဖူးတာ ရှိပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ဟာ အရမ်းကို ခက်ခဲလွန်းတဲ့ ပြိုင်ပွဲ တခုဖြစ်မှာပါ။
ကျနော် ခန့်မှန်းထားခဲ့တဲ့ မန်စီးတီး နဲ့ ချဲဆီး တို့ အပြိုင် လုကြမယ်လို့ ဆိုတဲ့ စကားကို ၊ အခုထိလဲ မပြောင်းလဲသေးပါဘူး။ ယူနိုက်တက် ကို ရိုနာဒို ရောက်လာတာ မှန်ပေမယ့် ဥရောပ ချန်ပီယံ ချဲဆီး ၊ 20 မှတ် ပြတ်နဲ့ ဗိုလ်စွဲခဲ့တဲ့ မန်စီးတီး တို့ထက် ပိုကောင်းသွားမယ်လို့ လုံး၀ မထင်ပါဘူး။
သေချာတာ ကတော့ အဲဒီ အသင်းတွေ နဲ့ အတော်လေး နီးစပ်သွားတာမျိုး ရှိကောင်း ရှိနိုင်ပါတယ်။ ကျနော့် အတွေးမှာ ယူနိုက်တက် ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်လား ဆိုပြီးမေးလာရင် ၊ NO လို့ပဲ ဖြေမှာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ 5 ရက် လောက်ကထက်တော့ ပိုပြီး ရင်ခုန်မိတာမျိုးတော့ ဖြစ်မိပါတယ်။
ရိုနာဒို ၊ ဗာရန်း တို့ဟာ ချန်ပီယံ ဖလားတွေကို ဆွတ်ခူးနိုင်မယ့် စိတ်ဓါတ်မျိုးတွေ ယူဆောင်လာမှာ သေချာပါတယ်။ သူတို့ ရောက်လာမှ ဆုဖလားတွေ ဆွတ်ခူးနိုင်တာမျိုးလဲ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်မလား ဆိုရင်တော့ ၊ မဖြစ်နိုင်ဘူးလို့ပဲ ဖြေမှာပါ။
ယူနိုတက် ဆိုတာ ဒီလို ဘောလုံးသမားမျိုးတွေ နဲ့ စုဖွဲ့ထားတာမျိုး ဖြစ်နေသင့်ပါတယ်။ နိုင်တာ မနိုင်တာ က နောက်မှပါ။ သေချာတာ တစ်ခုက သူတို့ ရောက်လာတဲ့ အတွက် ၊ အရင်ကထက်ပိုပြီး အခွင့်အလမ်းတော့ ပိုများနေပါတယ်” လို့ သုံးသပ်သွားခဲ့ ပါတယ်။
ဆက်လက်ပြီး ရိုနာဒို ကို ခေါ်ယူခဲ့တဲ့ ယူနိုက်တက် ရဲ့ လုပ်ရပ် နဲ့ ပတ်သက်လို့တော့ –
“ လက်ရှိ ကာဗာနီ ရဲ့ အနေအထား နဲ့ ရေတိုကာလ တခုကို လှမ်းကြည့်လိုက်မယ် ဆိုရင် ၊ သူတို့ အနေနဲ့ လက်ရှိ အပြောင်းအရွှေ့မှာ လူကာကူ ၊ ဟာလန်း ၊ ဟယ်ရီ ကိန်း တို့ကို ခေါ်ယူပြဖို့ ဆိုတာ မဖြစ်နိုင်သေးပါဘူး။ တချိန်တည်းမှာ တရာသီအတွင်း သွင်းဂိုး 20-30 လောက် ဒိုင်ခံသွင်းပေးမယ့် တိုက်စစ်မှုး တယောက် ထပ်ပြီး လိုနေပြန်ပါတယ်။
ရိုနာဒို ဟာ အဲဒီ လိုအပ်ချက် အတွက် အာမခံချက် အပြည့်နဲ့ ဖြည့်ဆည်းပေးမှာပါ။ ရှေ့လာမယ့် လ အနည်းငယ် အတွင်း ယူနိုက်တက် ပတ်၀န်းကျင် တခုလုံးကို တဖျတ်ဖျတ်ဖြစ်အောင် ကိုင်လှုပ်ပြပါလိမ့်မယ်။
အ၀တ်လဲခန်း အတွင်းက သူ့ရဲ့ လွှမ်းမိုးမှုတွေ ၊ လူငယ် ကစားသမားတွေ အတွက် လမ်းပြကောင်း တယောက်အဖြစ် လက်တွဲခေါ်ယူပေးမယ့် အနေအထားတွေက အရမ်းကို အရေးပါလွန်းပါတယ်။ ယူနိုက်တက်ဟာ ဘောလုံးသမိုင်း ရဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တယောက် ကို ပြန်လည် ခေါ်ယူနိုင်ခဲ့တာပါ။ သူ့ရဲ့ ကွင်းတွင်း ကွင်းပြင် ပြုမှု နေထိုင်မှုတွေဟာ အခြား အသင်းဖော်တွေ ရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုတွေ ၊ လုပ်အားနှုန်းတွေ အပေါ် လွှမ်းမိုးမှု အပြည့် ရှိလာပါမယ်။
သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုဆီ ကလို ပြေးလိုက် လွှားလိုက် ၊ နောက်တန်းကို မွှေနှောက် ထိုးဖောက်လို လုပ်ပြမယ့် ကစားသမားမျိုးတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် လောလောဆယ် အချိန်မှာ 18 ကိုက် အတွင်း နေရာယူထားပြီး ၊ တိကျ မှန်ကန်လွန်းတဲ့ လှုပ်ရှားမှုတွေ နဲ့ ဂိုးတွေ ရအောင် သွင်းပေးမယ့် အချိန်မျိုး ဖြစ်နေပါပြီ။ သူ့အတွက် လိုအပ်တဲ့ ဖန်တီးမှုမျိုးတွေ လုပ်ပေးနိုင်တဲ့ ကစားဖော်တွေလဲ ယူနိုက်တက်မှာ လုံလုံလောက်လောက် ရှိနေပါတယ်။
သေချာတာ တခုက သူဟာ ချန်ပီယံလိဂ် ၀င်ခွင့် လောက်အတွက် တိုက်ပွဲ၀င်ဖို့ အိုးထရက်ဖို့ ကို ပြောင်းလာတာ မဟုတ်ပါဘူး။ ချန်ပီယံ ဆုဖလားတွေကို စိန်ခေါ်ဖို့ အတွက်ပါ။ လုပ်ပြနိုင်မယ်လို့လဲ မျှော်လင့်ပါတယ်။ သူ ရောက်ရှိလာခြင်း နဲ့ အတူ လက်ရှိ အသင်းမှာ ရှိတဲ့ ကစားသမားတွေ ရဲ့ စွမ်းဆောင်ရည်ကို 10% လောက် မြှင့်တင်ပေးနိုင်မယ် ဆိုရင်တောင် ၊ အခွင့်အရေးက ကြီးကြီးမားမား ရှိနေမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။