ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ အပြောင်းအရွှေ့ ကတော့ အလှည့်အပြောင်း တွေနဲ့ လျှင်မြန်လှတဲ့ အချိန် အတွင်းမှာပဲ မန်ချက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက် ဖြစ်သွား ခဲ့ပါပြီ ။ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ ရိုနယ်ဒို ပြန်ရောက် လာတာဟာ ဆန်ချို ၊ ဗာရန်း တို့ကို ခေါ်ယူ နိုင်ခဲ့တာထက် ပိုပြီး ပျော်ရွှင် စေခဲ့မှာပါ ။ အသက် ၃၆ နှစ် ထဲ ရောက်နေပြီ ဖြစ်တဲ့ ရိုနယ်ဒို အတွက်တော့ မန်ချက်စတာ ယူနိုက်တက် ဟာ ဥရောပ မှာ သူ နောက်ဆုံး ကစားတဲ့ ကလပ်တောင် ဖြစ်လာနိုင်ပါတယ် ။
ရိုနယ်ဒို ရဲ့ အပြောင်း အရွှေ့ တရားဝင် ဖြစ်သွားပြီးတဲ့ နောက်မှာတော့ ရိုနယ်ဒို ဘယ်တော့ စကစားမလဲ ၊ ဘယ် ကျောနံပါတ် ကို ဝတ်ဆင် မလဲ ဆိုတဲ့ မေးခွန်းတွေဟာ ပရိသတ်တွေ အသိချင်ဆုံး ဖြစ်လာခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ လက်ရှိမှာ ပေါ်တူဂီ နိုင်ငံမှာ ရှိနေပြီး စက်တင်ဘာထဲမှာ ကစားမယ့် နိုင်ငံပွဲတွေကို စောင့်ဆိုင်းလို့ နေပါတယ် ။
ပေါ်တူဂီ ဟာ စက်တင်ဘာ လထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကစားရမှာ ဖြစ်ပြီး ရိုနယ်ဒို ဟာ အဆိုပါ ပွဲစဉ်တွေ ပြီးမှသာ မန်ချက်စတာ ကို ရောက်လာမှာ ဖြစ်ပါတယ် ။ ဘရူနို ဖာနန်ဒက်စ် ကတော့ အခြား ယူနိုက်တက် ကစားသမားတွေထက် အရင် ရိုနယ်ဒို ကို နှုတ်ဆက် နိုင်မှာပါ ။
ရိုနယ်ဒို ဘယ် ကျောနံပါတ် ကို ဝတ်ဆင်မလဲ ဆိုတဲ့ မေးခွန်း ကတော့ ပရိသတ်တွေ အသိချင်ဆုံး ဖြစ်နေပြီး စည်းမျဉ်းတွေ ကြောင့် ခန့်မှန်းရ ခက်ခဲ နေခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် ဟာ စာရင်းသွင်းထား ပြီးတဲ့ ကျောနံပါတ် တွေကို ပြောင်းလဲခွင့် မပြုဘူးလို့ စည်းမျဉ်းထုတ်ထား ပေမယ့် အထူးခွင့်ပြုမှုမျိုး ကိုတော့ ပြုလုပ် နိုင်ချေ ရှိပါတယ် ။
ရိုနယ်ဒို ဟာ ကျော်ကြား အောင်မြင်လာတဲ့ ကာလ တစ်လျောက် မှာ နံပါတ် ၇ ကို ဝတ်ဆင် ကစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် အားလုံးနီးပါး ဟာလည်း CR7 ဆိုတဲ့ အမည် နဲ့ ထုတ်လုပ် ထားတာ ဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ကာဗာနီ က နံပါတ် ၇ ကို ဝတ်ဆင် ကစားနေပါတယ် ။
ကာဗာနီ ဟာ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် နဲ့ လုံး၀ မကစားရ သေးပေမယ့် ပရီးမီးယားလိဂ်ထံမှာ စာရင်းပေါက်ထားပြီး ဖြစ်တာကြောင့် နံပါတ် ၇ ကို လွှဲပြောင်းပေးခွင့် မရှိတော့ပါဘူး ။ ကာဗာနီ အသင်း ပြောင်းခဲ့ရင် ဒါမှမဟုတ် ပရီးမီးယားလိဂ် က အထူးအခွင့်အရေး ပေးခဲ့မယ် ဆိုရင်တော့ ရိုနယ်ဒို အနေနဲ့ သူ့ရဲ့ Iconic Number ကို ဝတ်ဆင်ခွင့် ရရှိမှာပါ ။
ယူနိုက်တက် ဟာ ကာဗာနီ ကို လက်ကျန် ကာလအတွင်း အသင်းပြောင်းရွှေ့ဖို့ ဖိအားပေးမှာ မဟုတ် သလို ပရီးမီးယားလိဂ် ဆီက အထူးအခွင့်အရေး ရရှိဖို့ ကလည်း ခက်ခဲပါတယ် ။ ဒါကြောင့် ရိုနယ်ဒို အနေနဲ့ အခြား နံပါတ် ကိုသာ ရွေးချယ် ရနိုင်ပြီး စပို့တင်း လစ္စဘွန်းမှာ ဝတ်ဆင် ခဲ့တဲ့ နံပါတ် ၂၈ ဟာ သူ့အတွက် အဖြစ်နိုင်ဆုံး နံပါတ် လို့ သတင်းကြီးလာခဲ့ ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ ရိုနယ်ဒို ကို ဒီရာသီမှာပဲ ကျောနံပါတ် ၇ နဲ့ ပြန်လည် မြင်တွေ့ ရနိုင်တဲ့ အခွင့်အရေး ရှိနေပါသေးတယ် ။ အဲ့ဒါ ကတော့ ဥရောပ ပြိုင်ပွဲ မှာပါပဲ ။ မန်ချက်စတာ ယူနိုက်တက် ဟာ ချန်ပီယံလိဂ် မှာ ဗီလာရီးရဲ ၊ အတ္တလန်တာ ၊ ယန်ဘွိုင်းစ် တို့နဲ့ အတူ တအုပ်စုတည်း ကျရောက်နေပြီး ခုချိန်အထိ UEFA ထံ ကစားသမားစာရင်း မတင်သွင်းရသေးပါဘူး ( ပြိုင်ပွဲဝင် အသင်းအားလုံး မတင်သွင်း ရသေးတာပါ ) ။
ဒါကြောင့် ရိုနယ်ဒို အနေနဲ့ ပရီးမီးယားလိဂ် မှာ နံပါတ် တမျိုး ( ၂၈ ) ကို ဝတ်ဆင် ကစားပြီး ချန်ပီယံလိဂ် မှာ ကျောနံပါတ် ၇ ကို ဝတ်ဆင် ကစားနိုင်တဲ့ အခွင့်အရေးရှိနေ ပါတယ် ။ လက်ရှိ နံပါတ် ၇ ပိုင်ရှင် ကာဗာနီ ဘက်က လိုလို လားလား မရှိခဲ့ဘူး ဆိုရင်တော့ ဆိုးရှား ရော ရိုနယ်ဒို ပါ အတင်းအကြပ် ဖိအားပေးဖွယ် မရှိနိုင်ပါဘူး ။ ဒါပေမယ့် နည်းလမ်း ကတော့ အမှန်တကယ် ရှိနေခဲ့တာပါ ။
ဘောလုံးသမိုင်းမှာ ဒီလို မတူညီတဲ့ ပြိုင်ပွဲ ၂ ခု မှာ မတူညီတဲ့ နံပါတ် ၂ ခု နဲ့ ကစားဖူးသူတွေ ရှိခဲ့ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် ကနေ အာဆင်နယ် ကို ပြောင်းရွှေ့ ခဲ့တဲ့ ကွင်းလယ်လူ မစ်ခီတာရမ် ဟာ လန်ဒန် ကလပ်မှာ ကစားစဉ် အတွင်း ပရီးမီးယားလိဂ် မှာ နံပါတ် ၇ ၊ ယူရိုပါလိဂ် မှာ နံပါတ် ၇၇ ကို ဝတ်ဆင် ကစားခဲ့ဖူး ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ရဲ့ သက်တော်ရှည် ကစားသမား တဦး ဖြစ်တဲ့ ဝက်စ်ဘရောင်း ဟာလည်း ၁၉၉၉-၉၉ ရာသီ မှာ နံပါတ် ၂ ခု နဲ့ ကစားခဲ့ပြီး ပရီးမီးယားလိဂ် မှာ နံပါတ် ၂၄ ၊ ချန်ပီယံလိဂ် မှာ နံပါတ် ၃၀ တို့ကို ဝတ်ဆင် ကစား သွားခဲ့တာပါ ။
ကျောနံပါတ် ဟာ ကွင်းထဲက ကစားသမား ရဲ့ ခြေစွမ်း အပေါ် တိုက်ရိုက် အကျိုးပြုမှု မရှိပါဘူး ။ ဒါပေမယ့် ဂျာစီ ရောင်းချ ရမှု ကတော့ ဒီကနေ့ခေတ် ဘောလုံး စီးပွားရေး ရဲ့ အဓိက ထောက်တိုင် တခု ဖြစ်လာခဲ့ ပါပြီ ။ ရိုနယ်ဒို သာ မတူညီတဲ့ နံပါတ် ၂ ခု ကို ဝတ်ဆင် ကစားခဲ့မယ် ဆိုရင်တော့ ဒါဟာ ယူနိုက်တက် အတွက် ဂျာစီ ရောင်းချ ရမှုမှာ ပုံမှန်ထက် အမြတ်အစွန်း ရရှိမှာ အသေအချာပါပဲ ။
I like CR7 ,Anyway.