မန်စီးတီးနည်းပြ ဂွါဒီယိုလာက အာဆင်နယ်အသင်းနည်းပြ အာတီတာကို အချိန်ပေးရန် လိုကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခု ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်အဖွင့် (၂)ပွဲတွင် တန်းတက် ဘရန့်ဖို့ဒ်အသင်းနှင့် ချယ်လ်ဆီးတို့ကို တစ်ဂိုးမှ ပြန်သွင်းနိုင်ခြင်းမရှိဘဲ ရှုံးနိမ့်ထားသည်။
အာဆင်နယ်အသင်း ယခုနွေရာသီအပြောင်းအရွှေ့စျေးကွင်းတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၄၀)နီးပါး အသုံးပြုထားပြီး ပရီးမီးယားလိဂ်အသင်းများထဲတွင် ငွေအသုံးဆုံးအသင်းအဖြစ် ရပ်တည်နေသော်လည်း ယခုကဲ့သို့ ရလဒ်များ ဆိုးရွားနေသည့်အတွက် အသင်းအားပေးသူပရိသတ်များမှာ နည်းပြ အာတီတာကို ဒေါသထွက်လျက်ရှိနေသည်။
ထို့ကြောင့် အာတီတာကို ရာထူးမှထွက်ခွာသွားရန် တောင်းဆိုမှုများရှိနေပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများကလည်း ၎င်းနေရာတွင် အစားထိုးရန် အင်တာမီလန်နည်းပြဟောင်း ကွန်တီကို ချိတ်ဆက်မှုများပြုလုပ်နေကြောင်း သတင်းထွက်ပေါ်နေသည်။
သို့သော် ဂွါဒီယိုလာက “(၂)ပွဲ ကစားရသေးတာပါ။ ကျွန်တော်တို့ (၂)ပွဲကစားရသေးတာဖြစ်ပြီး ပွဲ(၂၀) ဒါမှမဟုတ် ပွဲ(၅၀) ကစားရသေးတာ မဟုတ်ပါဘူး။ အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ အာတီတာကို ယုံကြည်တာကြောင့် ငွေအများကြီးသုံးပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့တာပါ။ အခုမှ (၂)ပွဲပဲ ရှိပါသေးတယ်။ အောင်မြင်မှုလိုချင်တယ်ဆိုရင် အချိန်ပေးရမှာပါ။ လူတွေက အောင်မြင်မှုကို ချက်ချင်းလိုချင်ကြတယ်။ ဒါပေမဲ့ အောင်မြင်ဖို့အတွက် လူတိုင်း အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် ယနေ့(သြဂုတ်လ ၂၈ ရက်)တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။