လက်ရှိတွင် ဒါဘီအသင်းနည်းပြအဖြစ် ဆောင်ရွက်နေသည့် ရွန်နီက မန်ယူအသင်းဖော်ဟောင်း စီရော်နယ်လ်ဒိုအနေဖြင့် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားမည်မဟုတ်ဟု ပြောကြားခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၂ ဇွန်လ (၃၀)ရက်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းရန်သာ လိုတော့ကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
သို့သော် မန်ယူအသင်းတွင် စီရော်နယ်လ်ဒိုနှင့်တွဲဖက်ကစားပြီး အောင်မြင်မှုများစွာရယူနိုင်ခဲ့သည့် ရွန်နီက စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအတွက် စွမ်းဆောင်ခဲ့သည့်များကို အလွန်ဂုဏ်ယူသူဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းထံသို့ ပြောင်းရွှေ့ကစားမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရွန်နီက “မန်ယူအသင်းမှာ စီရော်နယ်လ်ဒို စွမ်းဆောင်ခဲ့တာတွေက သမိုင်းမှတ်တမ်းတစ်ခုအဖြစ် ရှိနေပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ အဲဒီအတွက် ဂုဏ်ယူနေတယ်ဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ ဒါကြောင့် သူ့အနေနဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဘောလုံးမှာ ခန့်မှန်းလို့ မရပါဘူး။ အရင်တုန်းကတော့ မန်ယူအသင်းရဲ့ ဂန္ထဝင်ကစားသမားတွေဖြစ်တဲ့ ပီတာရှမိုက်ကယ်နဲ့ အန်ဒီကိုးလ်တို့ မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ စီရော်နယ်လ်အနေနဲ့ မန်စီးတီးအသင်းမှာ ကစားမယ်လို့ မထင်ပါဘူး”ဟု ပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုသည် မန်ယူအသင်းတွင် ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ (၆)ရာသီကြာကစားခဲ့ပြီး ပရီးမီးယားလိဂ် (၃)ကြိမ်၊ ချန်ပီယံလိဂ် (၁)ကြိမ်အပါအဝင် ဆုဖလားပေါင်း (၉)လုံးအထိ ရယူနိုင်ခဲ့သည်။