မန်ယူအသင်း၏ နည်းပြဖြစ်သူ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏ ခွဲစိတ်ထားသည့် ပခုံးဒဏ်ရာမှာ အလွန်တိုးတက်ကောင်းမွန်လာခဲ့ပြီး ယခုအချိန်တွင် ကိုယ်ပိုင်လေ့ကျင့်ခန်းများ စလုပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကတည်းက ပခုံးဒဏ်ရာရရှိနေပြီး ပွဲစဉ်အားလုံးကို ဒဏ်ရာရှိလျက်နှင့် ကစားခဲ့ရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကမူ အခြေအနေပိုမိုဆိုးရွားလာခဲ့ခြင်းကြောင့် ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ကာ ယင်းနောက်ပိုင်းတွင် အနားယူနေရသည်။
ယင်းအတွက်ကြောင့် သူသည် ယခုရာသီတွင် မန်ယူအသင်း၏ ရာသီကြိုပွဲစဉ်များနှင့် ရာသီအစပွဲစဉ်များကိုလည်း လွဲချော်ခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဆိုးလ်ရှားက ”ခွဲစိတ်ထားတဲ့ ဒဏ်ရာနဲ့ ပတ်သက်ပြီး သူ့ကို ကြည့်ရတာ အရမ်းကျေနပ်နေပုံရတယ်။ ပျော်ပျော်ရွှင်ရွှင်လည်း ရှိပါတယ်။ Gym ခန်းမှာ လေ့ကျင့်ခန်းတွေ ကြိုးစားလုပ်နေတာကိုလည်း ကျွန်တော် နေ့တိုင်းမြင်နေရပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ အနားယူချိန်ကာလက သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပြီးမြန်မြန်ဆန်ဆန် ကစားနိုင်တာဖြစ်ပါလိမ့်မယ်။ အခုတော့ တစ်ဦးတည်း လေ့ကျင့်နေပြီး ဆောင်းဦးကာလလောက်ဆိုရင် အသင်းအတွက် သူပြန်ကစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ဆိုခဲ့သည်။
ဆိုးလ်ရှားက အင်္ဂလန်အသင်း၏ ယူရိုဗိုလ်လုပွဲ ရှုံးပွဲအပြီး ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည့် ရပ်ရှ်ဖို့ဒ်နှင့် ဆန်ချိုတို့ကိုလည်း ဒေးဗစ်ဘက်ခမ်နှင့် စီရော်နယ်လ်ဒိုတို့ကဲ့သို့ပင် ဝေဖန်မှုများကို ကျော်လွှားကာ အကောင်းဆုံးပုံစံ ပြသလိမ့်မည်ဟု ဆိုသည်။