ယခုနွေရာသီတွင် အသင်းပြောင်းရွှေ့မည်ဟု သတင်းထွက်နေသည့် စပါးတိုက်စစ်မှူး ဟာရီကိန်းက အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ငြင်းဆန်ခဲ့သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အသက် (၂၈)နှစ်အရွယ်ရှိ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းသည် သြဂုတ်လ (၂)ရက်တွင် အသင်းနှင့်ပူးပေါင်းရမည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ ပူးပေါင်းခြင်းမရှိသဖြင့် အသင်းမှထွက်ခွာရန် ဖိအားပေးနေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ယင်းအတွက် စပါးအသင်းအားပေးသူ ပရိသတ်များက ဟာရီကိန်းကို ဒေါသထွက်နေကြပြီး လူမှုကွန်ရက်များတွင် ဝေဖန်မှုများလည်း ရှိခဲ့သည်။
သို့သော် ဟာရီကိန်းက အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း သူ၏ Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။
— Harry Kane (@HKane) August 6, 2021
ဟာရီကိန်းက “စပါးအသင်းမှာ ကျွန်တော် ပွဲထွက်ခဲ့တာ (၁၀)နှစ်လောက် ရှိပါပြီး အဲဒီကာလတွေအတွင်း နှစ်စဉ်နှစ်တိုင်း ခင်ဗျား(ပရိသတ်များ)တို့ ကျွန်တော့်ကို အားပေးခဲ့ကြတယ်။ ချစ်ခင်ခဲ့ကြတယ်။ ဒါကြောင့် အခု ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်နေကြတဲ့ Comment တွေကို ဖတ်ရတာ နာကျင်ရပါတယ်။ ကျွန်တော့်အနေနဲ့ လက်ရှိအခြေအနေကို အသေးစိတ်မပြောချင်ပါဘူး။ ဒါပေမဲ့ အသင်းနဲ့အတူ လေ့ကျင့်ဖို့ ငြင်းဆန်ခဲ့တယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ စီစဉ်ထားတဲ့ သောကြာနေ့မှာ အသင်းနဲ့ပူးပေါင်းမှာပါ။ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်တွေနဲ့ ဆက်ဆံရေးကို ပျက်ပြားအောင် ကျွန်တော် မလုပ်ပါဘူး”ဟု Twitter တွင် ရေးသားခဲ့သည်။
လက်ရှိတွင် ဟာရီကိန်းအား ခေါ်ယူရန် မန်စီးတီးအသင်းက ကြိုးပမ်းနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။