ပရီးမီးယားလိဂ်ကစားသမားများသည် လာမည့် ၂၀၂၁-၂၂ ဘောလုံးရာသီ၌ Black Lives Matter လှုံ့ဆော်မှုအပြုအမူဖြစ်သည့် ဒူးတစ်ဖက်ထောက်ခြင်းအား ဆက်၍ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြုအမူမှာ အင်္ဂလန်ဘောလုံးလောကတွင် ဆက်လက်ပြုလုပ်ရန် သင့်/မသင့် အငြင်းပွားဖွယ် ဖြစ်နေပြီး ပြီးခဲ့သည့်ရာသီက အင်္ဂလန်အောက်တန်းကလပ်အသင်းအချို့မှာ ယင်းအပြုအမူပြုလုပ်ခြင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ယင်းကဲ့သို့ ရပ်ဆိုင်းခြင်းအတွက်လည်း အသားအရောင်/လူမျိုးရေးခွဲခြားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများထံမှ ပြင်းထန်သော ဝေဖန်ပြစ်တင်မှုများရှိခဲ့သည်။
ပြီးခဲ့သည့် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် ယင်းဒူးတစ်ဖက်ထောက် အပြုအမူပြုလုပ်ခဲ့ခြင်းမှာ အကျိုးရှိခဲ့သည်ဟု ပရီးမီးယားလိဂ်ကစားသမားများက ယုံကြည်နေပြီး ပရီးမီးယားလိဂ်အသင်း(၂၀)မှ အသင်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးအပြီးတွင် ယင်းအပြုအမူအားဆက်လက်ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချတ်မာစတာစ်က ”ကျွန်တော်တို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်၊ ကလပ်အသင်းတွေ၊ ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူတွေဟာ ခွဲဲခြားဆက်ဆံမှုအားလုံးကို အတူတကွ တိုက်ဖျက်ဖို့ ဆန္ဒရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်တွေ တွေ့ဆုံပြီးနောက်မှာ ဒီအပြုအမူကို ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်” ဟု ဆိုခဲ့သည်။