စပါးအသင်းအားပေးသူ ပရိသတ်များသည် ရာသီကြို အသင်း၏လေ့ကျင့်ပြင်ဆင်မှုများကို လာရောက် ပူးပေါင်းရန် ပျက်ကွက်သည့် တိုက်စစ်မှူး ဟာရီကိန်းအား ဒေါသထွက်နေပြီး ၎င်းအားအရေးယူရန် ကလပ်အသင်းတာဝန်ရှိသူများထံ တောင်းဆိုခဲ့ကြကြောင်း သိရှိရသည်။
ဟာရီကိန်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့် ဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ခဲ့ခြင်းကြောင့် ကလပ်အသင်းက အနားပေးထားပြီး ၎င်းအနေဖြင့် ပြီးခဲ့သည့် သြဂုတ် (၂) ရက်(တနင်္လာနေ့)တွင် အသင်းလေ့ကျင့်ရေးကွင်းသို့ ပြန်လည်ပူးပေါင်းရမည်ဖြစ်သည်။
ယင်းနေ့တွင် ဟာရီကိန်းမှာ ပုံမှန်လုပ်ထုံးလုပ်နည်းများအတိုင်း COVID-19 ရောဂါပိုးစစ်ဆေးရန်ရှိနေသော်လည်း ၎င်းအနေဖြင့် အသင်းသို့လာရောက်ရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်ရာ အသင်းအားပေးသူပရိသတ်များက စပါးအသင်းမှထွက်ခွာလိုနေသည့် ၎င်းကိုဒေါသထွက်နေပြီး အရေးယူရန် လူမှုကွန်ရက်စာမျက်နှာများ၌ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ပရိသတ်တစ်ဦးက ပရော်ဖက်ရှင်နယ်မဆန်သည့် ၎င်းအား ဒဏ်ငွေချမှတ်ရန်နှင့် အရန်အသင်းသို့ပို့ဆောင်ရန် တောင်းဆိုခဲ့ပြီး၊ အခြားပရိသတ်များကလည်း အသင်းအပေါ်လေးစားမှု မရှိဟုဆိုကာ ပြစ်တင်ဝေဖန်ခဲ့သည်။
ထို့ပြင် နောက်နေ့တွင်လည်း ပူးပေါင်းခြင်းမရှိသည့်အတွက် အသင်းမှ ထုတ်ပယ်ရန်အထိ တောင်းဆိုမှုများ ရှိလာကြောင်းလည်း သိရှိရသည်။