အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်၏ လျော်ကြေးစာချုပ်မှာ ပြီးခဲ့သည့်ဇူလိုင်လအတွင်း သက်တမ်းကုန်သွားပြီဖြစ်သောကြောင့် ၎င်းကိုခေါ်ယူရန် ကြိုးပမ်းမှုများ ပိုမိုများပြားလာဖွယ်ရှိကြောင်း သိရသည်။
အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို ယူရို(၁၁၁)သန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားခဲ့ခြင်းဖြစ်ပြီး ယခုသက်တမ်းကုန်သွားပြီဖြစ်၍ ညှိနှိုင်းစျေးဖြင့်သာ ရောင်းထုတ်ရတော့မည်ဖြစ်သည်။
၎င်းကို အာဆင်နယ်နှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြပြီး အင်တာမီလန်အသင်းက အနည်းဆုံး ယူရိုသန်း(၈၀) အလိုရှိနေကြောင်း သိရသည်။

လော်တာရိုသည် အင်တာမီလန်အသင်းတွင် တစ်နှစ် ယူရို(၂.၅)သန်းသာ ရရှိနေပြီး ယခုနွေရာသီတွင် အသင်းမှထွက်ခွာလျှင် လစာငွေမြင့်တက်လာဖွယ်ရှိသည်။
၎င်းသည် ပြီးခဲ့သည့်ရာသီက စီးရီးအေပွဲစဉ် (၃၈)ပွဲတွင် အသင်းအတွက် (၁၇)ဂိုး သွင်းယူခဲ့သူဖြစ်သည်။
အာဆင်နယ်အသင်းသည် အင်တာမီလန် စိတ်ဝင်စားနေသည့် နောက်ခံလူ ဘယ်လာရင်ကိုအသုံးချကာ ကမ်းလှမ်းသွားဖွယ်ရှိနေသည်။
သို့သော် အာဆင်နယ်အသင်းအနေဖြင့် အသင်းတိုက်စစ်မှူး လာကာဇက်ကို ဦးစွာရောင်းချဖွယ်ရှိနေကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် ၎င်းတို့အသင်း၏ တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သာ အသင်းမှ ထွက်ခွာရန် ဆန္ဒရှိနေပါက ရောင်းထုတ်သွားဖွယ်ရှိသည်။
၎င်းနေရာတွင် ပြန်လည်အစားထိုးရန်အတွက် လာဇီယိုအသင်းမှ အာဂျင်တီးနားတိုက်စစ်ကစားသမား ယော်ကွင်းကော်ရီယာကို စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Sky Italy ၏ဖော်ပြချက်အရ လော်တာရိုမာတီနက်ဇ်သည် အသင်းမှ ထွက်ခွာရန်များနေပြီဖြစ်ပြီး အင်တာမီလန်အသင်းနည်းပြ ဆီမြွန်နီအင်ဇာဂီကလည်း လာဇီယိုအသင်းတွင် လက်တွဲခဲ့ဖူးသည့် ယော်ကွင်းကော်ရီယာကို ကြိုတင်ချိန်ရွယ်နေခြင်းဖြစ်သည်။
ကော်ရီယာ အသင်းမှမထွက်ရန် ကြိုးပမ်းသွားမည်ဟုလည်း လာဇီယိုနည်းပြ ဆာရီက ဆိုခဲ့သည်။