PSGအသင်း ကွင်းလယ်လူသစ် ၀ိုင် နယ်လ်ဒမ်းက မန်ယူအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာအား ပါရီသို့ လာရောက်ကစားရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
နယ်သာလန်လက်ရွေးစင်ကစားသမား ၀ိုင်နယ်လ်ဒမ်း၏ PSG ကစားသမားအဖြစ် မိတ်ဆက်ပွဲအခမ်းအနားကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ပြီး ၎င်းက RCM Sport ရုပ်သံ နှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
” ပေါ့ဘာကို ကျွန်တော်တို့နဲ့အတူ ရှိစေချင်ပါတယ်။ သူက အရမ်းတော်တဲ့သူပါ။ သူနဲ့ ပြိုင်ဘက်အဖြစ် အကြိမ်ပေါင်းများစွာ ကစားဖူးပါတယ်။ ပေါ့ဘာကို လာစေချင်လားလို့ တခြားအသင်းက ဘယ်ကစားသမားကိုမေးမေး အားလုံးက Yes လို့ပဲ ဖြေကြမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူက ထူးခြားတဲ့ကစားသမား၊ အရည်အသွေးတွေ ပြည့်ဝတဲ့သူဖြစ်လို့ပါ။ သူက အားလုံးကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ပါ” ဟု ၀ိုင်နယ်လ်ဒမ်းက ဆိုသည်။
အသက် ၃၀ ရှိပြီဖြစ်သည့် ၀ိုင်နယ်လ် ဒမ်းသည် လီဗာပူးလ်အသင်းနှင့် စာချုပ် ကုန်ဆုံးသွားပြီးနောက် PSG အသင်းသို့ ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ရောက်ရှိလာခြင်းဖြစ်သည်။ ၎င်းသည် ဘာစီလိုနာ အသင်းသို့ရောက်ရှိရန် နီးစပ်ခဲ့သော်လည်း PSG အသင်းက လစာနှစ်ဆဖြင့် ကမ်းလှမ်းခဲ့သောကြောင့် ပါရီသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ် ပြီး ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိသည့် သုံးနှစ်စာချုပ် ချုပ်ဆိုထားသည်။
ပေါ့ဘာ၏စာချုပ်မှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မန်ယူအသင်းက စာချုပ်သစ်အတွက် ကမ်းလှမ်းခြင်းမရှိသေးသဖြင့် PSG အသင်းက ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ PSG အသင်းသည် ပေါ့ဘာအတွက် တရားဝင် ကမ်းလှမ်းမှုမလုပ်ရသေးသော်လည်း စာချုပ်တစ်နှစ်သာ ကျန်ရှိတော့သဖြင့် ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း Sky Sports သတင်းဌာနက ဖော်ပြခဲ့သည်။