ချဲလ်ဆီး ဟာ လာမယ့် သြဂုတ် လ ၄ ရက်နေ့ မှာ တော့တင်ဟမ် ဟော့စပါး အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပြီး စတမ်းဖိုဒ့် ဘရစ်မှာ ကစားမယ့် အဆိုပါ ပွဲမှာ ချန်ပီယံလိဂ် ဖလားကို ခင်းကျင်း ပြသ သွားမယ်လို့ သိရှိရ ပါတယ် ။ ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက မန်ချက်စတာ စီးတီး ကို အနိုင် ကစားကာ ချန်ပီယံလိဂ် ဖလားကြီးကို ဒုတိယ အကြိမ် ရယူနိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။
ပေါ်တူဂီ နိုင်ငံ ပေါ်တို မြို့မှာ ကစား ခဲ့တဲ့ ဗိုလ်လုပွဲမှာ သောမတ်စ် တူချယ် ရဲ့ ချဲလ်ဆီး ဟာ ကိုင်ဟာဗက် ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် သွင်းဂိုးနဲ့ အတူ တစ်နိုင်ငံတည်း ပြိုင်ဘက် မန်စီးတီး ကို အနိုင်ယူပြီး ဥရောပ ချန်ပီယံ အဖြစ် အောင်ပွဲ ခံနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ရိုက်ခတ်မှုကြောင့် ချဲလ်ဆီး ဟာ သူတို့ ရရှိ လာခဲ့တဲ့ ချန်ပီယံလိဂ် ဖလား ကို လန်ဒန် မြို့ထဲမှာ လှည့်ပတ် အောင်ပွဲခံခွင့် မရခဲ့ ပါဘူး ။ ဒါကြောင့် ချဲလ်ဆီး ဟာ လာမယ့် စပါး နဲ့ ခြေစမ်းပွဲမှာ မှ ချန်ပီယံလိဂ် ဖလား နဲ့ ပရိသတ်တွေ ရှေ့မှာ အောင်ပွဲ ခဲ့ကြမှာ ဖြစ်ပါတယ် ။ စပါး အတွက်ကတော့ မခံချိ မခံသာ ဖြစ်စေမှာ အမှန်ပါပဲ ။
“စတမ်းဖိုဒ့် ဘရစ် မှာ ကစားမယ့် နောက်လာမယ့် ပွဲမှာ ၊ မေလ တုန်းက ပေါ်တိုမှာ ရရှိ လာခဲ့တဲ့ ချန်ပီယံလိဂ် ဖလားကြီးကို ပထမဆုံး အကြိမ် အဖြစ် နဲ့ အောင်ပွဲခံ ပြသ သွားမှာ ဖြစ်ပါတယ်” လို့ ချဲလ်ဆီး အသင်းက ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။
မေလ တုန်းက ချဲလ်ဆီး ပရိသတ် ၆ ထောင်ခန့်ဟာ စတေဒီယို ဒို ဒရာကို ကွင်းကြီးထဲမှာ သူတို့ရဲ့ ချဲလ်ဆီး အောင်ပွဲ ခံတာကို ကြည့်ရှု ခဲ့ရပါတယ် ။ ဒီတစ်ခါ မှာတော့ အရေအတွက် သောင်းဂဏန်း အထိ ခွင့်ပြု သွားမှာပါ ။ ၂၀၁၂ ခုနှစ် တုန်းက ချဲလ်ဆီး ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလား အောင်ပွဲကို လန်ဒန်မြို့တွင်း လှည့်လည် ခဲ့စဉ် တုန်းကတော့ ပရိသတ်ပေါင်း ၂ သိန်း ကျော် လာရောက် အားပေးခဲ့တယ်လို့ သိရ ပါတယ် ။
ချဲလ်ဆီး ဟာ လန်ဒန် မြို့ခံ အသင်းတွေ အနက် ဥရောပ ချန်ပီယံဆု ကို ရယူ နိုင်တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူ ဝင့်ကြွားစွာ ရှိနေခဲ့ ပါတယ် ။ ချဲလ်ဆီး ရဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အာဆင်နယ် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ကတော့ ၂၀၀၆ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ဗိုလ်လုပွဲတွေ တက်ရောက် နိုင်ခဲ့ကြပေမယ့် ဒုတိယ ဆုတွေနဲ့သာ ကျေနပ်ခဲ့ရ ပါတယ် ။
အဆိုပါ လန်ဒန် ထိပ်သီး ကလပ် ၃ သင်းဟာ ဒီနှစ် နွေရာသီ မှာတော့ ကိုဗစ် စည်းမျဉ်းတွေကြောင့် ရာသီကြို ခရီးထွက်မှုတွေကို မပြုလုပ်တော့ဘဲ လန်ဒန် ဒေသတွင်း ပတ်လည် ဖလား ပြိုင်ပွဲ တစ်ခုကို ကျင်းပဖို့ သဘောတူညီမှု ရယူ ခဲ့ကြပါတယ် ။ ချဲလ်ဆီး ဟာ အာဆင်နယ် ရဲ့ ကွင်းကို သြဂုတ် ၁ ရက်နေ့မှာ သွားရောက် ကစားပြီး ပတ်လည် ဖလားကို စတင်မှာ ဖြစ်ကာ နောက် ၃ ရက် အကြာမှာတော့ စပါး အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ရမှာ ဖြစ်ပါတယ် ။
အာဆင်နယ် ကတော့ စပါး အသင်းရဲ့ ကွင်းကို သြဂုတ်လ ၈ ရက်နေ့မှာ သွားရောက် ကစားပြီး လန်ဒန် ပတ်လည် ဖလားပွဲကို အဆုံးသတ် မှာဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို သြဂုတ်လ ၁၄ ရက်နေ့ မှာ စတင်သွားမှာ ဖြစ်ပြီး ချဲလ်ဆီး က ပဲလေ့စ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ကာ အဆိုပါ ပွဲ မတိုင်မီ သြဂုတ် ၁၁ ရက်နေ့ မှာတော့ ဥရောပ စူပါဖလားပွဲ အဖြစ် ဗီလာရီးရဲ အသင်းနဲ့ ယှဉ်ပြိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ် ။