အာဆင်နယ် အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ရေးပါလာက လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား အနေနဲ့ ဒီရာသီမှာ ဖလား တစ်လုံး ရရင်ရ ၊ မရရင် အသင်းကနေ ထွက်ခွာရလိမ့်မယ်လို့ သတိပေး သွားခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဟိုဆေး မော်ရင်ဟို ရှိခဲ့စဥ် 2017 ခုနှစ် တုန်းက ယူရို ပါလိဂ် ဖလား နဲ့ လိဂ် ဖလား တွေကို ဆွတ်ခူး ထားနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင်း မှာတော့ ယူနိုက်တက်တို့ ဖလား လက်မဲ့ ဖြစ်ခဲ့ကြ ပါတယ် ။
အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ 2018 ဒီဇင်ဘာတုန်းက ဟိုဆေး မော်ရင်ဟိုရဲ့ နေရာကို ဆက်ခံသူ အဖြစ် မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့ပေမဲ့ အခုထက်ထိ ဆီမီး ဖိုင်နယ် အဆင့်တွေနဲ့သာ (ငါးကြိမ်) ကျေနပ်ခဲ့ရပြီး တစ်ကြိမ်သာ ဖိုင်နယ် တက်နိုင်ခဲ့ပါသေးတယ် ။
အခြားတဖက်မှာတော့ ဆိုးလ်ရှားဟာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့ကတည်းက အသင်းရဲ့ တာဝန် ရှိသူတွေဟာ လုံလောက်တဲ့ ထောက်ပံ့မှု တွေကို လုပ်ဆောင် ပေးခဲ့ကြသလို ဟယ်ရီ မက်ဂွားယားလို နောက်ခံလူ ကိုလည်း စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူပေးခဲ့ ပါတယ် ။
အခုလည်း ယူနိုက်တက် အသင်းရဲ့ တာဝန် ရှိသူတွေဟာ ကာလရှည် ပစ်မှတ်ထားနေခဲ့တဲ့ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ခေါ်ယူပေးဖို့ ကြိုတင် သဘောတူညီမှု ရရှိခဲ့ပြီး ဆေးလည်း စစ်နိုင်ခဲ့ကြပါပြီ။ ဒါ့အပြင် ဗာရာနီ နဲ့ ထရစ်ပီးယား တို့ကိုလည်း ခေါ်ပေးဖို့ နီးစပ်မှုတွေ ရှိနေကြပြီလို့ သိနေရ ပါတယ် ။
အခုတော့ အာဆင်နယ် ဂန္တဝင် ရေးပါလာက ဆိုးလ်ရှား အနေနဲ့ ဒီရာသီမှာ Do or Die ဆိုတဲ့ ဆိုတဲ့ အဖြစ်မျိုး ကြုံရဖို့ ရှိနေကြောင်း ၊ အသင်းအတွက် ဖလား မရယူပေးနိုင်ရင် မန်ချက်စတာ ကနေ ထွက်ခွာရလိမ့်မယ်လို့ သတိပေး သွားခဲ့လိုက် ပါတယ် ။
” သူဟာ ဖိအားတွေအောက် ကျရောက် နေပါပြီ ။ ဒါကို သူကိုယ်တိုင်လည်း သိပါတယ် ။ သူဟာ အမှန်တရားကို သိနိုင်စွမ်း ရှိသူ တစ်ဦးပါ ။ အိုလီဟာ ဆာ အဲလက်စ် ဦးဆောင်တဲ့ ခမ်းနားတဲ့ ၊ အောင်မြင်ခဲ့တဲ့ အဝတ်လဲခန်း ထဲမှာ နေခဲ့သူဖြစ်တဲ့အတွက် အဖြစ်မှန်ကို သိနိုင်ပါလိမ့်မယ် “
” မန်ချက်စတာ ယူနိုက်တက် ဆိုတာ ဘာလဲ ၊ ပရိသတ်တွေက ဘာလောက် အထိတောင် မျှော်လင့်ချက် ကြီးမားကြသလဲ ဆိုတာကို သူသိပါတယ် ။ အသင်းကို ထောက်ခံ အားပေးသူတွေ ကမ္ဘာ အနှံ့ အံ့ဖွယ် ပေါများကြ ပါတယ် ။ ကမ္ဘာ့ ပရိသတ် အများဆုံး အသင်းလို့တောင် ပြောလို့ ရကောင်း ရနိုင်ပါတယ် “
” ဆိုးလ်ရှား အတွက် ရနိုင်သမျှ များပြားတဲ့ အကူအညီတွေ ရရှိဖို့ လိုအပ် ပါတယ် ။ သူဟာ ဖလား ဆွတ်ခူးပေးနိုင်စွမ်း ရှိလောက်တဲ့ ကစားသမားမျိုးတွေကို ရရှိနေခဲ့ပါတယ် ။ ဒါ့ကြောင့် သူတို့သာ ဖလား မရနိုင်ရင် စိတ်ပျက်စရာ ကောင်းလွန်းတဲ့ ဘောလုံး ရာသီကို ပိုင်ဆိုင် သွားပါလိမ့်မယ် “
” အဲ့ဒီ အခါကျရင် ဆိုးလ်ရှား ကိုယ်တိုင်က ‘ ဒါ အလုပ် မဖြစ်ဘူး ‘ လို့ ကိုယ်တိုင် ဝန်ခံပြီး အသင်းကနေ သေချာ ပေါက် ထွက်ခွာ သွားပါလိမ့်မယ် ” လို့ ရေးပါလာ က ဆိုးလ်ရှား ရဲ့ အနာဂတ် အကြောင်း သုံးသပ် သတိပေး သွားခဲ့လိုက် ပါတယ် ။