မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီ ဟာ ဒီနှစ် နွေရာသီမှာ အသင်းကို ရောက်ရှိ လာနိုင်တဲ့ အင်္ဂလန် တောင်ပံ ကစားသမားလေး ဂျေဒန် ဆန်ချို ရဲ့ အရည်အသွေးကို ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။ ဒါပေမယ့် ဝိန်းရွန်းနီ က လက်ရှိ ယူနိုက်တက် နည်းပြ ဖြစ်တဲ့ အိုလီဂန်နာ ဆိုးရှား ကိုတော့ ဂျေဒန် ဆန်ချို ရောက်ရှိ လာမှုနဲ့ အတူ ပါဝင်လာမယ့် ဖိအားကို သတိပေး ပြောဆို သွားခဲ့ ပါတယ် ။
ယူနိုက်တက် ဟာ သူတို့ နှစ်ပေါင်း များစွာ ကြိုးစား ခဲ့တဲ့ ဂျေဒန် ဆန်ချို ကို ဒီနှစ် နွေရာသီ မှာတော့ ခေါ်ယူ နိုင်တော့မှာ ဖြစ်ပါတယ် ။ ဒေ့ါမွန် နဲ့ ယူနိုက်တက်တို့ ဟာ ဆန်ချို အတွက် ပေါင် 73 သန်းနဲ့ အပြောင်းအရွှေ့ ဖြစ်ဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီး မကြာခင်မှာဘဲ တရားဝင် ခေါ်ယူပြီးမြောက်ကြောင်း ကြေညာ နိုင်ဖွယ် ရှိနေပါတယ် ။
ဆန်ချို ဟာ ယူနိုက်တက် ရဲ့ အားနည်းချက် တစ်ခု ဖြစ်တဲ့ ညာတောင်ပံ တိုက်စစ် နေရာကို အကောင်းဆုံး ဖြည့်ဆည်း ပေးနိုင်မယ့်သူ ဖြစ်တယ်လို့ အတော်များများ က သုံးသပ် ထားကြပြီး အခုလို ခေါ်ယူ နိုင်မှုဟာ အသင်းကို ဆုဖလားတွေကို စိန်ခေါ် နိုင်ဖို့ အလားအလာ ပိုမို ကောင်းလာ စေနိုင်လိမ့်မယ်လို့ ခန့်မှန်း ထားကြပါတယ် ။
ဆိုးရှား ဟာ ဒီနှစ် နွေရာသီမှာ ဆန်ချို ကို အဓိက ပစ်မှတ် ထားခဲ့ပြီး လတ်တလော မှာတော့ ရီးရဲမက်ဒရစ် ခံစစ်မှူး ရာဖေး ဗာရန်း ကို ဆက်လက် ကြိုးစား နေတယ်လို့ သိရ ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် မှာ ၁၃ နှစ်ကြာ ကစားပြီး ဂန္ထဝင်တစ်ဦး အဖြစ် ပြန်လည် ထွက်ခွာကာ နည်းပြ ဘဝကို ပြောင်းလဲ ခဲ့တဲ့ ဝိန်းရွန်းနီ ကတော့ နာမည်ကျော် ကစားသမားတွေ ရောက်ရှိလာမှုဟာ အသင်းအတွက် ကောင်းမွန်ပေမယ့် ဆိုးရှား အတွက်တော့ ဖိအားတွေ ပိုလာစေမှာ ဖြစ်တယ်လို့ သတိပေးပြောဆို သွားခဲ့ ပါတယ် ။
“ဆန်ချို ရောက်ရှိလာတာဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အရမ်းကောင်းတဲ့ အားသာချက် ဖြစ်လာ စေမှာပါ ၊ ပြီးတော့ နောက်ထပ် ကစားသမား ကောင်းတွေ ထပ်ရောက်လာဦးမယ် လို့လည်း သတင်းတွေ ကြားနေရ ပါတယ် ။ ဒါက တကယ်ကောင်းတဲ့ အရာပါပဲ”
“ဒါပေမယ့် အဲ့ဒိ ကစားသမားကောင်းတွေ နဲ့ အတူ ဖိအားတွေလည်း ယူနိုက်တက် ကို ပါလာမှာပါ ။ ကစားသမား ကောင်းတွေ များများ ရှိနေလေ ၊ ဆုဖလားတွေကို မဖြစ်မနေ ရယူပေးဖို့ တောင်းဆိုမှုတွေ ပိုများလာလေလေ ပါပဲ”
“ထိပ်တန်း ကစားသမားတွေ နဲ့ ကစားကွက် ကောင်းတွေ ၊ လှပတဲ့ သွင်းဂိုးတွေက ပရိသတ်တွေကို ပျော်စေမှာပါ ။ ဒါပေမယ့် ဆုဖလား မရဘူးဆိုရင်တော့ ဘယ်သူမှ ကျေနပ်ကြမှာ မဟုတ်ပါဘူး ။ ဒါကြောင့် အိုလေး နဲ့ သူ့ရဲ့ နည်းပြအဖွဲ့တွေ အနေနဲ့ ဒီဖိအားတွေကို သေချာ ကိုင်တွယ် ဖြေရှင်း နိုင်ဖို့ လိုအပ်ပါတယ်” လို့ ရွန်းနီ က ပြောဆို သွားခဲ့ ပါတယ် ။
ဆက်လက်ပြီး ရွန်းနီ က လာမယ့် ရာသီမှာ မနချက်စတာ ယူနိုက်တက် အနေနဲ့ အမှတ်ပေး ဖလား ကို စိန်ခေါ် နိုင်တဲ့ အသင်း ၄ သင်း အနက်က တစ်သင်း ဖြစ်လာ လိမ့်မယ် လို့ ထင်မိကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။
“လာမယ့် ရာသီမှာ အိုလေး နဲ့ သူ့ရဲ့ ကစားသမားတွေဟာ ဆုဖလားတွေကို စိန်ခေါ် နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ အထူးသဖြင့် ပြည်တွင်းမှာပေါ့” လို့ ရွန်းနီ က ပြောဆိုသွားခဲ့ ပါတယ် ။ ဝိန်းရွန်းနီ ဟာ ဒါဘီ ကောင်တီ အသင်းကို နည်းပြ နေတာ ဖြစ်ပြီး ယမန်နေ့ညက သူ့ရဲ့ အသင်းနဲ့ အိုလေ ဂန်နာ ဆိုးရှား ရဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ခြေစမ်း ကစားခဲ့ကြပါတယ် ။
ယူနိုက်တက် ဘက်မှာ ယူရို နဲ့ ကိုပါ အမေရိက ကစားထားတဲ့ သူတွေ မပါဝင်ခဲ့ကြဘဲ ဘစ်ဆာကာ ၊ မာတာ ၊ မာတစ် ၊ လင်ဂတ် ၊ ဂရင်းဝုဒ် တို့လို စီနီယာ အသင်းသားတွေ နဲ့ အကယ်ဒမီ ကစားသမားတွေ ပါဝင် ခဲ့ကြပါတယ် ။ ယူနိုက်တက် ဟာ တာဟစ်ချောင် ၊ ပယ်လီစထရီ တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဒါဘီ ကို ၂ – ၁ နဲ့ အနိုင် ရပြီး ရာသီကြို ပြင်ဆင်မှုကို အဖွင့်လှပ စေခဲ့ ပါတယ် ။