မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမား အချို့ဟာ ရာသီကြို ပွဲစဥ် ကစားဖို့ အတွက် အသင်းနဲ့ ပြန်လည် ပူးပေါင်းခဲ့ပြီးကြပါပြီ ။ ယူနိုက်တက် တို့ဟာ 2021 – 22 ဘောလုံး ရာသီရဲ့ ပထမဆုံး ရာသီကြို ပွဲစဥ် အဖြစ် ဝိန်းရွန်းနီရဲ့ ဒါဘီ ကောင်တီ အသင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။
ဒါပေမဲ့ အဆိုပါ ပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား အများစုက ပါဝင်နိုင်ဦးမှာ မဟုတ်သေးပဲ အကယ်ဒမီထွက် ကစားသမား အများစု နဲ့ ကစားသွားဖို့ ရှိနေပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ယူနိုက်တက် အသင်းမှာ နိုင်ငံ့ပွဲ ကစားပြီး အားလပ်ရက် ပိုင်ဆိုင်နေကြတဲ့ ကစားသမား ရှိနေသလို ဒဏ်ရာ ပြသနာ ကြုံနေတဲ့ ကစားသမားတွေလည်း ရှိနေကြလို့ ပါပဲ ။
အခုတော့ မန်ချက်စတာ ညနေခင်း သတင်းမှ ဖော်ပြပေးလိုက်တဲ့ အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေ ၊ နိုင်ငံ့ အသင်းအတွက် ကစားပေးထားခဲ့ပြီး အားလပ်ရက် ပိုင်ဆိုင်နေကြတဲ့ စီနီယာ ကစားသမား အချို့ အသင်းနဲ့ ဘယ်တော့ ပြန်လည် ပူးပေါင်း နိုင်လိမ့်မလဲ ဆိုတဲ့ ခန့်မှန်းခြေ ရက်စွဲ တွေကို ဖော်ပြ ပေးလိုက် ပါတယ် ။
ဒင်းန် ဟန်ဒါဆန်
တင်ပါး ကြွက်သား ဒဏ်ရာ ရရှိခဲ့တဲ့ အတွက် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပဏာမ ကစားသမား စာရင်းမှ နှုတ်ထွက်ခဲ့ရတဲ့ ဒင်းန် ဟန်ဒါဆန်ဟာ ရာသီကြို ပွဲစဥ် မတိုင်မီ အသင်းနဲ့ ပြန်လည် ပူးပေါင်း နိုင်ခဲ့ပြီး အခုတော့ လေ့ကျင့်ရေး အစီအစဥ်တွေမှာလည်း ပါဝင်နိုင်ခဲ့ပြီလို့ သိရပါတယ် ။
ဒါ့ကြောင့် ဒေးဗစ် ဒီဂီယာ အားလပ်ရက်တွေ ပိုင်ဆိုင်ထားတဲ့ အချိန် ဒဏ်ရာ ပြသနာ ကင်းစင် နေခဲ့တဲ့ ဒင်းန်ဟာ ဒါဘီ ကောင်တီ နဲ့ ကစားရမဲ့ ပွဲစဥ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ပွဲထွက် ကစားပေးခွင့် ပိုင်ဆိုင် သွားဖို့ ရှိနေပါတယ် ။
အန်သိုနီ မာရှယ်
ကာလရှည် ဒူးဒဏ်ရာ ရရှိခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ဟာ အဆိုပါ ဒဏ်ရာ ပြသနာကြောင့်ပဲ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ ကစားသမား စာရင်းမှာ ပါဝင်ခွင့် ဆုံးရှုံးခဲ့ရ ပါတယ် ။ သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကုန်ဆုံးခါနီးလောက်မှာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရ ပါတယ် ။
ဒါပေမဲ့ လက်တွေ့မှာတော့ သူဟာ မပူးပေါင်း နိုင်ခဲ့ပါဘူး ။ အခုတော့ သူဟာ ဒဏ်ရာ ပြသနာ ကင်းရှင်းသွားခဲ့ပြီလို့ သိရပြီး လက်ရှိ အချိန်မှာ အသင်းရဲ့ လေ့ကျင့်ရေး အစီ အစဥ်တွေထဲ ပြန်လည် ပူးပေါင်း နိုင်ပြီလို့ သိရ ပါတယ် ။ ပွဲထွက်ခွင့် ရနိုင်ဖို့ တိုက်ပွဲဝင်ရမဲ့ ကစားသမားဆီက ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်တဲ့ စွမ်းဆောင်ရည် မြင်ရမလား ဆိုတာ စောင့်ကြည့်ရပါတော့မယ် ။
မေဆွန် ဂရင်းဝုဒ်
ဂရင်းဝုဒ် ဟာလည်း ဒဏ်ရာ ပြသနာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ပဏာမ ကစားသမား စာရင်းမှ နှုတ်ထွက် ခဲ့ရသူပဲ ဖြစ်ပါတယ် ။ အခုတော့ သူလည်း ဒဏ်ရာ ပြသနာ ပြန်လည် သက်သာ ကောင်းမွန် နေပြီလို့ သိရပြီး အသင်း အတွက် ပြန်လည် ကစားပေးနိုင်စွမ်း ရှိနေပြီလို့ သိရပါတယ် ။
ယူနိုက်တက် တို့ဟာ ဒေါ့မွန် ကြယ်ပွင့် ဂျေဒန် ဆန်ချိုကို ရရှိဖို့ သေချာနေပြီ ဖြစ်တဲ့ အတွက် ဂရင်းဝုဒ် အနေနဲ့ လာမဲ့ ဘောလုံး ရာသီမှာ ပွဲထွက်ခွင့် များစွာ ပိုင်ဆိုင်နိုင်ရေး အတွက် ရာသီကြို ပွဲစဥ်တွေမှာ အကောင်းဆုံးသော စွမ်းဆောင်ရည် တွေကို ပြသနိုင်ဖို့ ကြိုးစားပြရပါတော့မယ် ။
မားကပ်စ် ရပ်ရှ်ဖို့
ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတည်းက ဒဏ်ရာ ပြသနာတွေနဲ့ အတူ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ကစားပေးခဲ့တဲ့ ရပ်ရှ်ဖို့ဟာ ကုသမှုမခံယူခဲ့ပဲ နွေမှာလည်း အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ဆက်လက် ပါဝင်ခဲ့ ပါတယ် ။ ဒါပေမဲ့ ပွဲကစားခွင့် မိနစ် အနည်းငယ်မျှသာ ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။
အခုတော့ သူက အားလပ်ရက် အနည်းငယ် ပိုင်ဆိုင်နေပြီး ဒါပြီးရင်တော့ နောက်ကျော ဒဏ်ရာ ၊ ခြေချင်းဝတ် ဒဏ်ရာ တွေကို ခွဲစိတ် ကုသလိမ့်မယ်လို့ သိရပါတယ် ။ သူဟာ ကုသမှုတွေကို ခံယူရင်း ယူနိုက်တက် အသင်းရဲ့ ပထမဆုံး 2 လကို ပါဝင်ခွင့် လွဲချော်လိမ့်မယ်လို့ သိနေရ ပါတယ် ။
ပြန်လာနိုင်မည့် ရက်စွဲ : စက်တင်ဘာ နောက်ဆုံး အပါတ် (သို့) အောက်တိုဘာလ အစောပိုင်း
မက်ဂွားယား ၊ လုခ်ရှော ၊ ဆန်ချို
အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့ကြတဲ့ ကစားသမား သုံးဦးဟာ လက်ရှိ အချိန်မှာတော့ အားလပ်ရက်တွေ ကိုယ်စီပိုင်ဆိုင်နေကြပါတယ် ။ အဲ့တာတွေ ပြီးရင်တော့ သူတို့တွေဟာ ယူနိုက်တက်တို့ ရာသီသစ် အဖွင့်ပွဲ မကစားမီ တစ်ပါတ် အလို ၊ သြဂုတ်လ 7 ရက်နေ့ လောက်မှာ အသင်းနဲ့ ပူးပေါင်း ကြလိမ့်မယ်လို့ သိရ ပါတယ် ။
ယူနိုက်တက် ကစားသမားသစ် ဖြစ်လာတော့မဲ့ ဂျေဒန် ဆန်ချိုဟာလည်း အဲ့ဒီ ရက်စွဲလောက်မှာပဲ အသင်းသစ်ဆီ ရောက်လာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။
ပြန်လာနိုင်မည့် ရက်စွဲ : သြဂုတ်လ အစောပိုင်း
ဒီစာရင်းမှာတော့ ပေါ့ဂ်ဘာ ၊ ဘရူနို ဖာနန်ဒက်စ် ၊ ဖရက်ဒ် နဲ့ ဒေးဗစ် ဒီဂီယာတို့ ဘယ်တော့ ပြန်လည် ပူးပေါင်းနိုင်မလဲ ဆိုတာကို ဖော်ပြထားခြင်း မရှိသေးပါဘူး ။