မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေရဲ့ နောက်ခံလူဟောင်းဖြစ်တဲ့ ရီယို ဖာဒီနန် က ဝေဖန်မှုတွေအောက် ကျရောက်နေခဲ့တဲ့ အင်္ဂလန် နည်းပြ ဂါးရတ် ဆောက်ဂိတ် ဖက်မှ ကာကွယ် စကား ဆိုသွားခဲ့လိုက် ပါတယ် ။
ဂါးရတ် ဆောက်ဂိတ်ဟာ ယူရို 2020 ဖိုင်နယ် အဖြစ် အီတလီ လက်ရွေးစင် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ရပ်ရှ်ဖို့ ၊ ဆန်ချို နဲ့ ဆာကာ တို့ကို ကန်သွင်းစေဖို့ ရွေးချယ်ခဲ့တဲ့ အတွက် ဝေဖန်မှုတွေ ခံခဲ့ရသူပဲ ဖြစ်ပါတယ် ။
အချို့ကတော့ ပွဲမကစားရတဲ့ ရပ်ရှ်ဖို့ နဲ့ ဆန်ချို ၊ အတွေ့ အကြုံ နည်းပါးတဲ့ ဆာကာ တို့ အစား ယုံကြည်မှု မြင့်နေခဲ့တဲ့ စတာလင်း ၊ ဂျွန်စတုန်း နဲ့ လုခ်ရှော တို့ကို ဘာကြောင့် မရွေးချယ် ခဲ့တာလဲ ဆိုတဲ့ အပေါ် ဝေဖန်မှုတွေ အများကြီး လုပ်ဆောင်ခဲ့ကြပါသေးတယ် ။
ဒါပေမဲ့ ယူနိုက်တက် ဗဟို နောက်ခံလူဟောင်း ဖြစ်တဲ့ ရီယို ဖာဒီနန် က 2008 တုန်းက ကလပ်အသင်း နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် ကလည်း ဒီလို ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးခဲ့ကြောင်း ပြောခြင်းဖြင့် ဆောက်ဂိတ် ဖက်မှ ကာကွယ် သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော်ဟာ 2008 ချန်ပီယံလိဂ် ဖိုင်နယ်ပွဲ တုန်းက ပင်နယ်တီ ကန်ရမဲ့ ကစားသမား စာရင်းထဲ မပါဝင်ခဲ့ပါဘူး ။ ဒါပေမဲ့ ကျွန်တော် ဖိုင်နယ်တော့ ကစားခဲ့ရပါတယ် ။ အဲ့ဒီ အချိန်တုန်းက ကျွန်တော်ဟာ ပင်နယ်တီ ကန်သွင်းရေး နဲ့ ပတ်သက်လို့ ငါသာ ကန်ရရင် ဘာဖြစ်မလဲ ဆိုတဲ့ စိတ်လှုပ်ရှားမှုတွေ ရှိနေခဲ့ဖူး ပါတယ် “
” အဲ့ဒီ မော်စကို ညချမ်းမှာတုန်းက ယူနိုက်တက် အသင်းအတွက် ဘယ်သူတွေ ပင်နယ်တီ ကန်ရလိမ့်မလဲ ဆိုတာနဲ့ ပတ်သက်လို့ ကျွန်တော် စောင့်ကြည့် နေခဲ့ပါသေးတယ် ။ အဲ့ဒီတုန်းက အသင်းရဲ့ ပဥ္စမမြောက် ပင်နယ်တီ ကန်သွင်းသူဟာ နာနီ ဖြစ်နေခဲ့ ပါတယ် ။ အဲ့ဒီ အချိန်တုန်းက နာနီဟာ အသက် 21 နှစ်သာ ရှိခဲ့ပါသေးတယ် “
” ပြီးတော့ ဆဌမမြောက် ပင်နယ်တီ ကန်သွင်းရမဲ့ သူက အန်ဒါဆန် တဲ့ ။ သူဟာ အသက် 19 ၊ 20 လောက်ပဲ ရှိနေပါဦးမယ် ။ အန်ဒါဆန် ပြီးတော့ရော နောက်ထပ် ပင်နယ်တီ ဘယ်သူ ကန်မယ် ထင်နေသလဲ ? သတ္တမမြောက် ပင်နယ်တီ ကန်သွင်းမဲ့သူက ရိုင်ယန်ဂစ် တဲ့ဗျာ “
” ဆာ အဲလက်စ် ဟာ အတွေ့အကြုံ နည်းပါးတဲ့ ကောင်လေး နှစ်ယောက်ရဲ့နောက် ပင်နယ်တီ ကန်ရမဲ့သူ အဖြစ် ဂစ်ကို ရွေးချယ်ဖို့ တွေဝေ တွန့်ဆုတ်ခြင်း မရှိခဲ့ ပါဘူး ။ အခုလို လုပ်ဆောင်ရာမှာ ပင်နယ်တီ ဝင်တယ် ၊ နိုင်တယ် ဆိုရင်တော့ အားလုံး အိုကေ ပါတယ် ၊ ဒါပေမဲ့ ရှုံးနိမ့်သွားရင်တော့ ခင်ဗျားဟာ ဝေဖန်မှုတွေအောက် ကျရောက်ရပြီပဲ “
” ကျွန်တော်တော့ ဒါကို နားလည်ပါတယ် ။ ကျွန်တော်တို့ ကစားနေကြတဲ့ ပြိုင်ပွဲမှာ ဒီလိုဖြစ်တာ သဘာဝပဲလေ ။ ဒီအတွက် ကျွန်တော်တို့ ဆောက်ဂိတ်ကိုပဲ အပြစ်တင်နေလို့ မရနိုင်ပါဘူး ။ ခင်ဗျားဆီမှာ အတွေ့အကြုံ ရင့်တဲ့ ကစား သမားတွေ ရှိနေတာပဲ ၊ သူတို့တွေကို အရင်ဆုံး လွှတ်ပေးသင့်တယ်လို့ ပြောနေလို့ မရနိုင်ပါဘူး “
” ပထမဆုံး အနေနဲ့ ခင်ဗျားတို့ရဲ့ အတွေ့အကြုံ ရင့်တဲ့သူတွေ ပင်နယ်တီရော ကန်ချင်ကြရဲ့လား ဆိုတာ သိအောင် လုပ်ဆောင်ရပါ့မယ် ။ ဂရီလစ်ရှ် က သူ ကန်ချင်တယ်လို့ ပြောခဲ့ ပါတယ် ။ ဒါပေမဲ့ ဟန်ဒါဆင် ၊ ဝေါ်လ်ကာ ၊ စတာလင်း နဲ့ အခြားသူတွေရော ကန်ချင်ကြရဲ့လား ဆိုတာကို သိအောင် လုပ်ဆောင်ရပါ့မယ် “
” သူတို့ဟာ လေ့ကျင့်ရေးပြီးတိုင်း ပင်နယ်တီကန်တာကို ထပ်ကျင့်ကြမယ်ဆိုတာလည်း ကျွန်တော်သိပါတယ် ။ အဲ့တာကို ကြည့်ပြီး နည်းပြကလည်း ဘယ်သူတွေနည်းစနစ် ကောင်းသလဲဆိုတာ အခြေခံရင်း ပင်နယ်တီ ကန်သွင်းသူ ရွေးချယ်သွားမှာပါပဲ ။ ဒီလောက် ဖိအားတွေ များလွန်းတဲ့ အချိန် တစ်ကမ္ဘာလုံး အရှေ့ ဖိုင်နယ်ပွဲမှာ အခုလို ပင်နယ်တီ ကန်ရဲဖို့ ဆိုတာ ခက်ခဲလွန်းလှ ပါတယ် ” လို့ ဖာဒီနန်က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။