ဘာစီလိုနာအသင်းနှင့် စာချုပ်ကုန်ဆုံး ပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် မက်ဆီကို လက်ရှိလစာနှုန်းထားဖြင့်ခေါ်ယူရန် မန်စီးတီးနှင့် PSG အသင်းတို့လည်း မတတ်နိုင်ဘဲ အကယ်၍ ၎င်းတို့ခေါ်ယူနိုင်ခဲ့ပါက ဘဏ္ဍာရေးအရ ဆေးသုံးခြင်းဖြစ်ကြောင်း လာလီဂါပြိုင်ပွဲဥက္ကဋ္ဌ ဟာဗီယာတီဘက်စ်က သုံးသပ်ပြောကြားခဲ့သည်။
အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် မက်ဆီသည် ဘာစီလိုနာအသင်းနှင့် နောက်ဆုံးချုပ်ဆိုခဲ့သည့် စာချုပ်အရ လက်မှတ်ထိုးကြေး၊ အပိုဆုကြေးနှင့် ပုံမှန်လစာအပါအဝင် လေး နှစ်အတွက် စုစုပေါင်း ယူရိုသန်း ၅၀၀ ကျော် ရရှိခဲ့သည်။ ၎င်းသည် ဇွန် ၃၀ ရက်တွင် စာချုပ်ကုန်ဆုံးသွားပြီးနောက် အသင်းလက်မဲ့ဖြစ်နေပြီး ဘာစီလိုနာအသင်းက စာချုပ်သစ်ချုပ် ဆိုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
သို့သော် လာလီဂါပြိုင်ပွဲ၏ ဘဏ္ဍာရေးထိန်းချုပ်မှုစည်းမျဉ်းအရ ဘာစီလိုနာအသင်းအနေဖြင့် အသုံးစရိတ်လျှော့ချရန် လိုအပ်နေရာ ၎င်းအား စာချုပ်သစ်ချုပ်ဆိုလိုပါက လစာလျှော့ချခြင်း သို့မဟုတ် အခြားကစားသမားများအား ရောင်းချခြင်း/ထွက်ခွာခွင့်ပြုခြင်း ပြုလုပ်ရမည်ဖြစ်သည်။ ထို့ပြင် မန်စီးတီးနှင့် PSG အသင်းတို့ကလည်း မက်ဆီအား ပြောင်းရွှေ့ ကြေးမပါဘဲ အလွတ်ခေါ်ယူနိုင်မည့်အခွင့်အရေးကို အသုံးချနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
သို့ဖြစ်ရာ တီဘက်စ်က “မက်ဆီအနေနဲ့ ဒီနွေရာသီမှာ လစာလျှော့ယူရမယ်ဆိုတာ အတိအကျပါပဲ။ ပြီးခဲ့တဲ့အခြေအနေမျိုးနဲ့ စာချုပ်ချုပ်လို့ မရတော့ပါဘူး။ အဲဒါလိုမဖြစ်နိုင်တော့ပါဘူး။ တခြားဘယ်ဥရောပကလပ်မှလည်း အဲဒီပမာဏကို ပေးနိုင်မယ်လို့မထင်ပါဘူး။ စီးတီးက ကပ်ရောဂါကာလအတွင်း မှာ ယူရိုသန်း ၂၇၀ အရှုံးပေါ်ခဲ့တာကြောင့် မက်ဆီကိုခေါ်ယူဖို့ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။ PSG လည်း အရှုံးပေါ်တာပါပဲ။ ဆိုတော့ သူတို့လည်း မက်ဆီကိုစာချုပ်ခေါ်ယူဖို့ စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ လုပ်ခဲ့မယ်ဆိုရင် အဲဒါက ဘဏ္ဍာရေးအရ ဆေးသုံးတာပဲဖြစ်လိမ့်မယ်။ အဲဒီလိုသာဖြစ်မယ်ဆိုရင် တကယ်မယုံနိုင်စရာပါပဲ။ ကျွန်တော်တို့အနေနဲ့ ကန့်သတ်မှုတွေလုပ်ဖို့လိုပါ တယ်။ ဘဏ္ဍာရေးအရ ဆေးသုံးတယ်ဆိုတာ ဘောလုံးလောကကို ပျက်စီးစေမှာပါ။ အဲဒါ က တကယ့်ငွေကြေးအစစ်မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကလပ်ရဲ့ဝင်ငွေထဲက မဟုတ်လို့ပါ။ ဘောလုံးလောကထဲကမဟုတ် တဲ့ ငွေကြေးတွေက ဆိုးရွားတဲ့ ငွေကြေးဖောင်း ပွမှုနဲ့ ဘောလုံးလောကကို ပျက်စီးစေပါလိမ့် မယ်။ ကျွန်တော်တို့အနေနဲ့ ဒါကိုဆန့်ကျင်ရမှာပါ။ ဒါက ဥရောပဘောလုံးရဲ့ ရှေ့ဆက်လုပ်ရမယ့် လုပ်ငန်းတစ်ခုပါ” ဟု ပြောကြားခဲ့သည်။