ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီတစ်ပါတ်မှာတော့ လာမဲ့ရာသီသစ်အတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့ပြီး အကယ်ဒမီထွက် ကစားသမား အများစု ပူးပေါင်း ပါဝင်နိုင်ခဲ့ ကြတယ်လို့ သိခဲ့ရ ပါတယ် ။
လက်ရှိ ယူရို ပြိုင်ပွဲမှာ အင်္ဂလန် အတွက် ကစားပေးနေကြသေးတဲ့ မက်ဂွားယား ၊ လုခ်ရှော ၊ ရပ်ရှ်ဖို့ ၊ ဆန်ချိုတို့ အပြင် ပြိုင်ပွဲမှ ထွက်ခွာ လာခဲ့ရတဲ့ ပေါ့ဂ်ဘာ ၊ ဘရူနို ဖာနန်ဒက်စ် ၊ ကိုပါ အမေရိက ပြိုင်ပွဲမှာ ဘရာဇီး အတွက် ကစားနေတဲ့ ဖရက်ဒ် တို့ဟာ အားလပ်ရက်တွေ ပိုင်ဆိုင်ဦးမှာ ဖြစ်ပြီး နောက်ကျမှ အသင်းနဲ့ ပူးပေါင်းနိုင်မှာပဲ ဖြစ်ပါတယ် ။
လက်ရှိ အချိန်မှာ ဟွမ် မာတာ ၊ နီမန်ဂျာ မာတစ် တို့လို ဝါရင့် ကစားသမားတွေ ဦးဆောင် နေကြပြီး ဂရင်းဝုဒ်လည်း ပြန်လည် ပါဝင်နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှ သိမှတ်ဖွယ် အချက် ၅ ချက်ကို ဖော်ပြပေးလိုက် ပါတယ် ။
(1) ကြံ့ခိုင်မှု တိုးတက်လာတဲ့ ဂရင်းဝုဒ်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လူငယ် တိုက်စစ် ကစားသမားလေး ဖြစ်တဲ့ မေဆွန် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ မတ်လ တုန်းက ရရှိထားခဲ့တဲ့ ဒဏ်ရာ ပြသနာ ရှိနေသေးဆဲ ဖြစ်တာကြောင့် ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝဖို့ အင်္ဂလန် လင်ရွေးစင် အသင်းရဲ့ ပဏာမ ကစားသမား စာရင်းမှ နှုတ်ထွက်ခဲ့သူပဲ ဖြစ်ပါတယ် ။
အခုတော့ သူဟာ နှုတ်ထွက်လာခဲ့ရကျိုးနပ်တဲ့ ကြံ့ခိုင်မှုမျိုး ပြန်လည် ပိုင်ဆိုင်နိုင်ခဲ့ပြီး အသင်းနဲ့ အတူ လေ့ကျင့်မှုတွေလည်း လုပ်ဆောင်နိုင်ခဲ့ ပါပြီ ။ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ နှစ်ခု အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် ထိုက်သင့်သလောက် ကောင်းတဲ့ အရည်အသွေးတွေကို ပြသထားနိုင်ခဲ့ ပါတယ် ။
အခုတော့ သူဟာ အရင်ထက် ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ အတွက် လေ့ကျင့်မှုတွေကို ကြိုးစား လုပ်ဆောင်နေခဲ့ ပါပြီ ။ ဒါပေမဲ့ ဆန်ချို ရောက်လာတော့မဲ့ အသင်းမှာ ပွဲထွက် ရရှိအောင် လုပ်နိုင်ပါ့မလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရပါတော့မယ် ။
(2) စီနီယာ အသင်းထဲ ပါဝင်ခွင့် ရနိုင်ခြေ ရှိနေကြတဲ့ အကယ်ဒမီထွက် နှစ်ဦး
မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီထွက် လူငယ် အများစုဟာ စီနီယာ အသင်းမှာ ပါဝင်ခွင့် ရရှိနိုင်ဖို့ ၊ ပွဲထွက်ခွင့်တွေ ရရှိနိုင်ဖို့ ရည်မှန်းချက် ထားရှိနေသူတွေပဲ ဖြစ်ကြ ပါတယ် ။ အဲ့ဒီထဲမှာတော့ အခွင့်အရေး ရရှိနိုင်မယ့် ကစားသမား နှစ်ဦး ရှိနေကြပါပြီ ။
ရှိုလာ ရှိုရီတိုင်ယာ ဆိုတာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ယူနိုက်တက်တို့ နယူးကာဆယ် နဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာ စီနီယာ အသင်းအတွက် ပွဲကစားခွင့် မိနစ် ပိုင်ဆိုင်ခဲ့သူ ဖြစ်ပြီး နည်းပြ ဆိုးလ်ရှားရဲ့ ချီးကျူးမှုတွေလည်း ပိုင်ဆိုင် နိုင်ခဲ့ပါတယ် ။
ဒါ့အပြင် တိုက်စစ် ကစားသမား ဖြစ်တဲ့ လူငယ်လေး ဂျိုး ဟူဂီးလ် ကလည်း လေ့ကျင့်ရေး ကွင်းထဲမှာ ရှိုရီတိုင်ယာ နဲ့ အပြိုင် ပုံစံကောင်းတွေ ပြသနိုင်ခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။ ဒါ့ကြောင့် သူတို့ နှစ်ဦးဟာ ရာသီသစ်မှာ စီနီယာ အသင်းဆီ ရောက်ဖို့ အလားအလာ များနေကြပြီလို့ သတင်းထွက် နေပါတယ် ။
(3) လေ့ကျင့်ရေး အစီအစဥ်တွေကို ဦးဆောင်နေတဲ့ မာတာ
လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစားသမား အများစုဟာ လက်ရွေးစင်အသင်းအတွက် ကစားပေး နေကြသလို အချို့လည်း အားလပ်ရက်တွေကို ပိုင်ဆိုင်နေခဲ့ကြ ပါတယ် ။ ဒီလို အချိန်မှာ ရာသီကြို ပွဲစဥ်တွေကို ဦးဆောင်နိုင်ဖို့ တစ်စုံတဦး လိုအပ်နေတာ အမှန်ပါပဲ ။
ဒီအတွက် ဆိုးလ်ရှားဟာ ခေါင်းဆောင်ကောင်း တစ်ဦး ၊ စိတ်ထား ကောင်းမွန်တဲ့ လူသား တစ်ဦးကို ပိုင်ဆိုင်ထားပါတယ် ။ သူကတော့ မကြာသေးခင်ကမှ ယူနိုက်တက်တို့ စာချုပ် သက်တမ်း တိုးမြှင့်ခဲ့ကြတဲ့ စပိန် နိုင်ငံသား ဟွမ် မာတာ ပဲ ဖြစ်ပါတယ် ။
မာတာဟာ မကြာသေးခင်က ယူနိုက်တက်မှ ထွက်ခွာလိမ့်မယ် ဆိုတဲ့ အသံတွေ ထွက်ပေါ်ခဲ့သေးပေမဲ့ အခုတော့ စာချုပ် သက်တမ်း တိုးမြှင့်ခြင်းနဲ့ အတူ လူငယ်တွေကို အတွေ့အကြုံတွေ မျှဝေပေးရင်း လေ့ကျင့်ရေးကွင်းကို အကောင်းဆုံး ဦးဆောင်ပေးနေပါပြီ ။
(4) အငှား ထွက်ခွာတော့မှာ ဖြစ်ပေမဲ့ အသင်းနဲ့ လေ့ကျင့်နေဆဲ တာဟစ်ချောင်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် လူငယ်လေး တာဟစ်ချောင်ဟာ မနေ့ကပဲ ဘာမင်ဂမ် ဆီ တစ်ရာသီ အငှား ကစားဖို့ သဘော တူညီချက် ရယူနိုင်ခဲ့ ပါတယ် ။ ဒါပေမဲ့ သူဟာ ကာရင်တန်မှာပဲ လေ့ကျင့်ရေး တွေကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ် ။
သူဟာ ဘာမင်ဂမ် စီးတီး အသင်းဆီ မပြောင်းမီ ယူနိုက်တက် အသင်းမှာ အတွေ့အကြုံတွေကို ဆက်လက် ရှာဖွေ လိုနေတာကြောင့် ဒီမှာပဲ ဆက်ရှိနေသေးတာ ဖြစ်တယ်လို့ သိရပါတယ် ။ ချောင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဝါဒါဘရီမင် ၊ ကလပ် ဘရုဂ် အသင်းတွေမှာ ရာသီဝက်စီ အငှား ကစားခဲ့သူပဲ ဖြစ်ပါတယ် ။
ထွက်ပေါ် နေသေးတဲ့ သတင်းတွေ အရတော့ သူဟာ ယူနိုက်တက်နဲ့ အတူ ရာသီကြို ပွဲစဥ် အနည်းငယ် ကစားပြီးမှ ဘာမင်ဂမ်ဆီ ပြောင်းရွှေ့ လိမ့်မယ်လို့ သိနေရ ပါတယ် ။
(5) ဝါရင့် ကစားသမားပီပီ ပရော်ဖက်ရှင်နယ် ဆန်မှုတွေကို ပြသနေတဲ့ မာတစ်
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ စီနီယာ ကစား သမားအချို့ဟာ ဒီနွေမှာ အသင်းပြောင်းကြလိမ့်မယ်လို့ သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ အခုထက်ထိ တိကျ သေချာတဲ့ ဆုံးဖြတ်ချက် တစ်ခုမှ ထွက်ပေါ်မလာခဲ့သေး ပါဘူး ။
အဲ့ဒီထဲမှာတော့ ယူနိုက်တက် တို့ရဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ်ရဲ့ အနာဂတ် ကလည်း ဘယ်မှာ ရှိနေမလဲ ဆိုတာ မရေမရာ ဖြစ်နေခဲ့ပါသေးတယ် ။ အခြားတဖက်မှာတော့ ရိုးမား နည်းပြသစ် ဖြစ်လာခဲ့တဲ့ ဆရာဟောင်း ဟိုဆေး မော်ရင်ဟိုဟာ သူ့ကို ခေါ်ချင်နေတယ်လို့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ် ။
ဒီလို အချိန်မျိုးမှာ ကစားသမား အချို့ဟာ အသင်းနဲ့ မပူးပေါင်းတာ ၊ လေ့ကျင့်ရေးကွင်းထဲ ဆန့်ကျင်တဲ့ အပြု အမူမျိုး လုပ်ဆောင်ပြတာမျိုး ရှိတတ်ခဲ့ကြ ပါတယ် ။ ဒါပေမဲ့ မာတစ် ကတော့ အေးဆေးပါပဲ ။ သူဟာ လေ့ကျင့်ရေးတွေ ကြိုးကြိုးစားစား လုပ်ဆောင်နေခဲ့ပြီး လူငယ်တွေကိုလည်း ပရော်ဖက်ရှင်နယ် ဆန်စွာ ဦးဆောင်နေခဲ့တယ်လို့ သိခဲ့ရ ပါတယ် ။