ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်း၏ဝါရင့်နောက်ခံလူ အသင်းခေါင်းဆောင် ရာမို့စ်အား ဆုံးရှုံးခဲ့ရပြီးနောက် အခြားအဓိကနောက်ခံလူတစ်ဦးဖြစ်သည့် ဗာရန်းကိုလည်း လက်လွှတ်ရဖွယ်ရှိနေပြီး လာမည့်ရာသီတွင် ဗဟိုခံစစ်ပြဿနာကို ကြုံတွေ့ရဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။
ရီးယဲလ်အသင်း၏ စပိန်ဝါရင့်နောက်ခံလူဟောင်း ရာမို့စ် (၃၅ နှစ်)သည် ပြီးခဲ့သည့် ဇွန်လအတွင်း အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး စာချုပ်သစ်မချုပ်ဆို နိုင်ခဲ့သည့်အတွက် ဇွန် (၁၆)ရက်နေ့တွင် ရီးယဲလ်နှင့် လမ်းခွဲကြောင်း အတည်ပြုကြေညာခဲ့သည်။
ထို့ပြင် ဆက်တိုက်ဆိုသလိုပင် ရီးယဲလ်အသင်း၏ အဓိကနောက်ခံလူတစ်ဦးပင်ဖြစ်သည့် ပြင်သစ်နောက်ခံလူ ဗာရန်း (၂၈ နှစ်)သည်လည်း ရီးယဲလ်အသင်းမှထွက်ခွာရန် ဆန္ဒရှိနေသည်ဟု သတင်းများ ဆက်တိုက်ထွက်ပေါ်နေသလို၊ မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဆွေးနွေးနေသည့် သတင်းများမှာလည်း ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။

ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် အသင်း၏ခံစစ်တွင် ကာလရှည်တွဲဖက်ကစားကာ ခြေစွမ်းပြခဲ့ပြီး အသင်း၏အောင်မြင်မှုများတွင် အရေးပါခဲ့သည့် ရာမို့စ်နှင့် ဗာရန်း ဗဟိုခံစစ်အတွဲအား တစ်ပြိုင်နက်ဆုံးရှုံးရဖွယ်ရှိနေရာ ခံစစ်ပြဿနာအတွက် အဓိကရင်ဆိုင်ဖြေရှင်းရဖွယ်ရှိနေကြောင်း သိရသည်။
လက်ရှိတွင် ရီးယဲလ်အသင်း၏ ဗဟိုခံစစ်ပိုင်း၌ (၃) နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့သည့် စပိန်နောက်ခံလူ နာချို၊ ဘရာဇီးလ်နောက်ခံလူ မီလီတိုနှင့် ယခုနွေရာသီအပြောင်းအရွှေ့က ဘိုင်ယန်မြူးနစ်အသင်းမှ ခေါ်ယူထားသည့် သြစတြီးယားနောက်ခံလူ အလာဘာတို့ (၃)ဦးသာရှိနေသည်။
ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် ပြီးခဲ့သည့်ရာသီက ဂရန်နာဒါအသင်းတွင် အငှားသွားရောက်ကစားခဲ့သော စပိန်နောက်ခံလူ ဗယ်လေဟိုကို အသင်းတွင်သာထားရှိရန် စီစဉ်နေကြောင်းလည်း သိရသည်။

ရီးယဲလ်အသင်းသည် အသင်း၏ဗဟိုခံစစ်ပိုင်းကို အားဖြည့်ရန်အတွက် ဆီဗီလာအသင်း၏ ပြင်သစ်နောက်ခံလူ ခွန်ဒဲ (၂၂ နှစ်)နှင့် ဗီလာရီးယဲလ်အသင်း၏ စပိန်နောက်ခံလူ ပါအူတောရက်စ် (၂၄ နှစ်)တို့အား ခေါ်ယူရန် ပစ်မှတ်ထားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ၎င်းကစားသမား (၂)ဦး၏ မြင့်မားသည့်ပြောင်းရွှေ့ကြေးများက ဘဏ္ဍာရေးပြဿနာရင်ဆိုင်နေရသည့် ရီးယဲလ်အသင်းအတွက် အဟန့်အတားဖြစ်ဖွယ်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအနေဖြင့် အသင်း၏ဗဟိုခံစစ်ပိုင်းအတွက် လူငယ်အသင်းမှ ကစားသမားများဖြစ်သည့် ဗစ်တာချု့စ်၊ မာရီယိုဂီလာနှင့် ပါဘလိုရာမွန်တို့ထဲမှ ရွေးချယ်ခေါ်ယူမှုများ ပြုလုပ်သွားဖွယ်ရှိနေကြောင်း AS က ဖော်ပြခဲ့သည်။