ဆွစ်ဇာလန် – စပိန် (မြန်မာစံတော်ချိန် ဇူလိုင်လ ၂ ရက် ည ၁၀:၃၀ နာရီ)
ပြင်သစ်အသင်းကို ကျော်ဖြတ်လာပြီးတဲ့နောက် ဆွစ်ဇာလန်က စပိန်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုတာကို နားလည်ရမှာဖြစ်သလို၊ စပိန်ကလည်း အားလုံးအထင်သေးနေတဲ့ကြားထဲက နောက်ဆုံးနှစ်ပွဲမှာ (၁၀)ဂိုးအထိသွင်းခဲ့တာ အံ့သြစရာပါ။ ဒါပေမဲ့ ဆလိုဗက်ကီးယား၊ ခရိုအေးရှားတို့က ပုံမှန်အားဖြင့် ခံစစ်ပိုင်းကစားပုံလေးပြီး သက်ကြီးကစားသမားများတဲ့ အသင်းတွေဖြစ်တယ်။ ဒီပွဲကတော့ ဆွစ်ဇာလန်ကို ပိုကြိုက်တယ်။
ဘယ်လ်ဂျီယံ – အီတလီ (မြန်မာစံတော်ချိန် ဇူလိုင် ၃ ရက် နံနက် ၁:၃၀ နာရီ)
လက်ရှိ ကမ္ဘာ့အဆင့် (၁)အသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံက ယူရိုပြိုင်ပွဲမှာ ပြသနေတဲ့ ပုံစံကောင်းကို ဆက်ထိန်းသွားခဲ့ပြီး လက်ရှိ ချန်ပီယံ ပေါ်တူဂီအသင်းကို ကျော်ဖြတ်ခဲ့တယ်။ ပုံမှန်အားဖြင့် ပေါ်တူဂီက ပိုကောင်းပြီး အခွင့်အရေးတွေ ပိုရခဲ့တဲ့ပွဲလို့ ပြောနိုင်ပေမဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ စုစည်းမှုနဲ့ စိတ်ဓာတ်ကောင်းကို မြင်ခဲ့ရတယ်။ ဒီပွဲမှာ ပြသခဲ့တဲ့ မာကျောမှုက ဘယ်လ်ဂျီယံအသင်းကို နောက်ပိုင်းနှစ်တွေမှာကစားခဲ့တဲ့ ပြိုင်ပွဲကြီးတွေကထက် ပိုကောင်းခဲ့တယ်လို့ ပြောရမယ်။ အရည်အသွေးအားဖြင့် ယူရို- ၂၀၁၆ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားက အသင်းတွေဟာ ပေါ်တူဂီနဲ့တုန်းကလို စိတ်ပိုင်းဆိုင်ရာ မာကျောမှုမျိုး မတွေ့ခဲ့ရဘူး။ အခုပွဲမှာ ဘယ်လ်ဂျီယံ ကြုံတွေ့ရမယ့် အဓိကပြဿနာက ဟာဇက်၊ ဒီဘရိုင်းနားတို့ မပါနိုင်ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံကို Tempo လျော့သွားတဲ့အသင်းအဖြစ် မြင်ရတော့မယ်လို့ထင်တယ်။ မာတင်စ်၊ လူကာကူတို့က အီတလီဘောလုံးလောကနဲ့ ယဉ်ပါးနေကြပြီး အီတလီခံစစ်ကစားသမားတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်။ ဒါပေမဲ့ အဓိက ပြဿနာက အီတလီအသင်းကို ဒုက္ခပေးနိုင်တဲ့အမြန်နှုန်းနဲ့ တစ်ဦးချင်းအရည်အသွေးကောင်းတွေ အားနည်းသွားခြင်း ဖြစ်တယ်။ အီတလီက ဘယ်လ်ဂျီယံကိုတစ်ဦးချင်းမမီပေမဲ့ စုစည်းမှုပိုကောင်းတယ်။ အီတလီကို ကြိုက်တယ်။