ဂျူဗင်တပ်စ်အသင်းသည် အသင်း၏ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း ပေါ်တူဂီရုပ်သံ TVI က ဖော်ပြခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုနွေရာသီတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေသူဖြစ်သည်။
စီရော်နယ်လ်ဒိုအား ခေါ်ယူရန် ၎င်း၏အသင်းဟောင်းများဖြစ်သည့် ရီးယဲလ်၊ မန်ယူတို့အပါအဝင် PSG အသင်းကပါ စိတ်ဝင်စားနေသည်ဟု ဥရောပမီဒီယာများက ဖော်ပြခဲ့ကြသည်။
သို့သော် ရီးယဲလ်အသင်းက စီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူမည်မဟုတ်ဟု ငြင်းဆန်ခဲ့ပြီး မန်ယူအသင်းက ၎င်းအတွက် ကမ်းလှမ်းမှုမရှိသေးလို၊ PSG အသင်းမှာလည်း ၂၀၂၂ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နာမည်ကျော်ပြင်သစ်တိုက်စစ်မှူး ဘာပေကိုသာ စာချုပ်သစ်ချုပ်ဆိုရန် ဦးစားပေးကြိုးစားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် စီရော်နယ်လ်ဒိုအနေဖြင့် ယခုနွေတွင် အသင်းပြောင်းရွှေ့နိုင်ဖွယ်မရှိဘဲ ဂျူဗင်တပ်စ်အသင်းတွင်သာ ဆက်နေရ ဖွယ်ရှိနေသည်။
TVI ၏ဖော်ပြချက်အရ စီရော်နယ်လ်ဒို၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်သည် စာချုပ်သစ်အတွက် အသင်းတာဝန်ရှိသူများနှင့်ဆွေးနွေးနေပြီး ဂျူဗင်တပ်စ်အသင်းသည် စီရော်နယ်လ်ဒိုကို ၂၀၂၃ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းတွင် တစ်နှစ်လစာ ယူရိုသန်း (၆၀) ရရှိနေပြီး အဆိုပါပမာဏမှာ များပြားသော်လည်း ဂျူဗင်တပ်စ်အသင်းသည် ၎င်းကို အသင်းတွင် ဆက်ထိန်းရန်အလိုရှိနေကြောင်း သိရသည်။