ဘယ်လ်ဂျီယံ အသင်းရဲ့ တိုက်စစ်မှူး ရိုမီရို လူကာကူ က ခရစ္စတီယာနို ရိုနယ်ဒို ရဲ့ ပြိုင်ဘက် ဖြစ်လာရတာဟာ သူ့ကို ပိုမို ကောင်းမွန်တဲ့ တိုက်စစ်မှူး တစ်ယောက် ဖြစ်လာ စေတယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
လူကာကူ ရဲ့ ဘယ်လ်ဂျီယံ ဟာ ဒီကနေ့ မှာ ရိုနယ်ဒို ရဲ့ ပေါ်တူဂီ အသင်းနဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ၁၆ သင်းဆင့်ကို ယှဉ်ပြိုင် ကစား ရတော့မှာ ဖြစ်ပါတယ် ။
ရိုနယ်ဒို နဲ့ လူကာကူ တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက စီးရီးအေ ရွှေဖိနပ်ဆု ကို အပြိုင်လု ခဲ့ကြပြီး ရိုနယ်ဒို က ၂၉ ဂိုး သွင်းကာ ရယူ သွားနိုင်ခဲ့ ပါတယ် ။ လူကာကူ ကတော့ ၂၄ ဂိုးသာ သွင်းနိုင်ခဲ့ ပေမယ့် သူ့ရဲ့ သွင်းဂိုးတွေဟာ အင်တာမီလန် ကို စီးရီးအေ ချန်ပီယံ ဖြစ်ရေးမှာ အကူအညီ ဖြစ်စေခဲ့ ပါတယ် ။
ပေါ်တူဂီ နဲ့ ကစားမယ့် ပွဲအကြို အင်တာဗျူး မှာတော့ လူကာကူ က ရိုနယ်ဒို ရဲ့ သူ့အပေါ် သက်ရောက်မှု ကို ထုတ်ဖော် ပြောပြ သွားခဲ့သလို ရိုနယ်ဒို ဆီက သူလိုချင်တဲ့ အရည်အသွေးတွေ ကိုလည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။
“ကျွန်တော့ တစ်ကိုယ်တော် ရည်မှန်းချက် အရ ဆိုရင်တော့ ဟုတ်ပါတယ် ၊ သူ နဲ့ ပြိုင်ဆိုင် ရတာ ကျွန်တော့ကို ပိုပြီး တိုးတက် စေခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းအတွက် ပြောရရင်တော့ အမှတ်ပေး ဖလားကို ရယူ နိုင်ဖို့က ပိုပြီး အရေးကြီး ခဲ့တာပါ ၊ တကယ်လည်း ကျွန်တော်တို့ လုပ်နိုင်ခဲ့ ပါတယ်”
“အဓိက ပွဲကြီးတွေမှာ ကျွန်တော်တို့ အမှတ်တွေ ယူနိုင်ခဲ့တယ် ၊ လိုချင်တဲ့ ရလဒ်ရအောင် ကစားနိုင်ခဲ့ ကြပါတယ် ။ ကျွန်တော့ အတွက်ရော အင်တာက လူတွေ အတွက်ပါ မမေ့နိုင်တဲ့ ရာသီတစ်ခုကို ဖြတ်သန်း ခဲ့ကြရတာပါ ။ ဒါကို နောက်ရာသီမှာ ထပ်လုပ်ပြ နိုင်ဖို့ မျှော်လင့် ထားပါတယ်”
“ကျွန်တော် နဲ့ သူ့မှာ ( ရိုနယ်ဒို ) မတူညီတဲ့ အရည်အသွေး ကိုယ်စီ ရှိကြပါတယ် ။ သူ့ရဲ့ အလိမ်အခေါက် စွမ်းရည်တွေ ၊ ဘောလုံးကို ကန်သွင်းတဲ့ ပုံစံမျိုးတွေ ၊ အားပါးတိကျတဲ့ ကန်ချက်တွေကို ကျွန်တော် လိုချင်မိပါတယ် ။ သူလည်းပဲ ကျွန်တော့ရဲ့ ကြံ့ခိုင်သန်မာမှုမျိုး ကို လိုချင်မယ်လို့ ထင်ပါတယ်” လို့ လူကာကူ က ပြောဆို သွားခဲ့ ပါတယ် ။
ရိုနယ်ဒို ဟာ ယူရို ၂၀၂၀ ပြိုင်ပွဲ မှာလည်း အုပ်စု ၃ ပွဲပြီးချိန်မှာ သွင်းဂိုး ၅ ဂိုး နဲ့ ရွှေဖိနပ်ဆု အတွက် ဦးဆောင်နေပြီး လူကာကူ ကတော့ ၃ ဂိုး နဲ့ ဒုတိယ အများဆုံး ကစားသမားတွေ ထဲမှာ ပါ၀င် နေခဲ့ ပါတယ် ။ ရိုနယ်ဒို ဟာ ဒီပြိုင်ပွဲမှာ အလီဒါယီ ရဲ့ နိုင်ငံတကာ သွင်းဂိုး စံချိန် ( ၁၀၉ ဂိုး ) ကိုလိုက်မီ သွားခဲ့ပြီး နောက်ထပ် သွင်းယူမယ့် ဂိုးဟာ သူ့ကို ပြိုင်ဘက်ကင်း စံချိန်ရှင် ဖြစ်လာစေတော့မှာပဲ ဖြစ်ပါတယ် ။
“တကယ့်ကို မယုံနိုင် စရာကောင်းတဲ့ ဂိုးအရေ အတွက်ပါပဲ ။ ဒီလောက်များအောင် သွင်းနိုင်မယ့် သူက သူ တစ်ယောက်ပဲ ရှိပါတယ် ။ အခု သူ့အသက် ဘယ်လောက်လဲ . . . ၃၆ နှစ်ပါ ။ ယူဗင်တပ် ပေါ်တိုကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတုန်းက သူ့ကို ဝိုင်းဝေဖန် ခဲ့ကြပါတယ် ။ တကယ် မလေးစားတဲ့ လုပ်ရပ် ပါပဲ”
“အဲ့ဒါလည်းပြီးရော နောက်ပွဲမှာ သူ ဟက်ထရစ် သွင်းပြခဲ့ပါတယ် ။ ဒီလို အသက်အရွယ်မျိုး မှာ ဒီလို စွမ်းဆောင်နိုင်တဲ့ လူမျိုးကို ကိုယ်နဲ့ ပြိုင်ပွဲ တစ်ခုတည်းမှာ ကစားနေတယ်လို့ သိလိုက်ရတာက ကျွန်တော့ကို စိတ်ဓါတ် တွန်းအားတွေ ပေးခဲ့ပါတယ် ။ သူတောင် ဒီအသက်အရွယ် နဲ့ သွင်းနိုင်တာပဲ ၊ ငါဘာလို့ မလုပ်နိုင်ရမှာလဲ ဆိုတဲ့ တွန်းအားတွေက ကျွန်တော့ကို ပိုကောင်း လာစေခဲ့ပါတယ်” လို့ လူကာကူက ပြောဆို သွားခဲ့ ပါတယ် ။
ဘယ်လ်ဂျီယံ နဲ့ ပေါ်တူဂီ တို့ဟာ မနက်ဖြန် မြန်မာ စံတော်ချိန် နံနက် ၁း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အနိုင် ရရှိမယ့် အသင်းဟာ ကွာတား ဖိုင်နယ်မှာ အီတလီ အသင်းနဲ့ ရင်ဆိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။