ဘိုလစ်ဗီးယား – ဥရုဂွေး (မြန်မာစံတော်ချိန် ဇွန် ၂၅ ရက် နံနက် ၃း၃၀ နာရီ)
ဥရုဂွေးအသင်းက ကိုပါအမေရိကပွဲဦးထွက်မှာ အရှုံးနဲ့စတင်ခဲ့ရတယ်။ တိုက်စစ်ပိုင်းမှာ ကာဗာနီ-ဆွာရက်ဇ်အတွဲ ပြန်ကစားနေပေမဲ့ အာဂျင်တီးနားနဲ့ပွဲမှာတော့ ဘာမှလုပ်မရခဲ့ဘူး။ ဥရုဂွေးပါဝင်နေတဲ့ အုပ်စု(A)က အသင်းကောင်းတွေ များပေမဲ့ ဘိုလစ်ဗီးယားလိုအသင်းမျိုး ပါဝင်နေတာက နောက်တစ်ဆင့်တက်ရောက်ဖို့ စိုးရိမ်စရာမလိုတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ ဘိုလစ်ဗီးယားအသင်းက နောက်ပိုင်းပွဲတွေမှာ ခံကန်အားကောင်းလာပေမဲ့ ထိပ်သီးအသင်းတွေ မပါဝင်ခဲ့တာက စဉ်းစားစရာပါ။ ဘိုလစ်ဗီးယားနဲ့တွေ့ဆုံမှုတွေမှာ ဂိုးမြူးတာများတဲ့ ဥရုဂွေးဘက်ကပဲ ရပ်တည်သင့်တယ်။
ချီလီ – ပါရာဂွေး (မြန်မာစံတော်ချိန် ဇွန် ၂၅ ရက် နံနက် ၆း၃၀ နာရီ)
ချီလီအသင်းအနေနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး ပါရာဂွေးကလည်း ဒီပွဲမှာ သရေလောက်ရယူနိုင်တာနဲ့တင် အခြေအနေကောင်းပါလိမ့်မယ်။ လက်ရှိမှာ ချီလီက အကျ၊ ပါရာဂွေးက အတက်ပုံစံမျိုး ဖြစ်နေပြီး အသင်းလိုက်တည်ငြိမ်မှုပိုင်းမှာ ပါရာဂွေးအသင်းကတောင် ပိုသာသလိုရှိနေတယ်။ ချီလီအသင်းတိုက်စစ်မှာ အလက်ဆစ်ဆန်းချက်ဇ် မကစားနိုင်တာက အတော်သိသာပြီး သူ့နေရာမှာ မန်နယ်ဆက်စ်၊ ဘရေရီတန်စတဲ့ ကစားသမားတွေကို စမ်းသုံးနေပေမဲ့ အရှိန်အဝါကတော့ အတော်ကွာပါတယ်။ ချီလီအသင်းမှာ ပူလ်ဂါ၊ အာရန်ဂီ၊ ဗီဒယ်လ် တို့ကစားနေတဲ့ ကွင်းလယ်လောက်ပဲ ဒေါင်ဒေါင်မြည်အနေအထားရှိပါတယ်။ ပါရာဂွေးကတော့ အန်ဟယ်ရိုမဲရိုး၊ အလေဟန်ဒရိုတို့ရှိတဲ့ တောင်ပံတိုက်စစ်ကြောင့် အလုပ်ဖြစ်နေပြီး ဒေသတွင်းထိပ်သီးအသင်းတွေကို မမျှော်လင့်ဘဲ ဒုက္ခပေးနိုင်တဲ့အင်အားကို ပိုင်ဆိုင်ထားတယ်။ ချီလီအသင်းက ကိုပါအမေရိကမှာ အစဉ်အလာပိုကြီးပေမဲ့ ပါရာဂွေးအသင်း အမှတ်ရခဲ့ရင် အံ့အားသင့်စရာ မရှိပါဘူး။