ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများဖြစ်သည့် မန်ယူ၊ မန်စီးတီးနှင့် ချယ်လ်ဆီးအသင်းတို့က ခေါ်ယူရန်ပစ်မှတ်ထားခြင်းခံနေရသည့် ဒေါ့မွန်လူငယ်တိုက်စစ်မှူး ဟော်လန်းက မိမိ၏အိပ်မက်မှာ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရေးဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၂၀)အရွယ်ရှိ နော်ဝေတိုက်စစ်မှူး ဟော်လန်းသည် ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် သွင်းဂိုး (၁၀)ဂိုးဖြင့် ရွှေဖိနပ်ဆုကို ရရှိခဲ့သူဖြစ်ပြီး ယခုနွေရာသီတွင် ဥရောပထိပ်တန်းကလပ်အသင်းများ၏ ခေါ်ယူရန် စိတ်ဝင်စားခြင်းကို ခံနေရသူဖြစ်သည်။
ဟော်လန်းက ချန်ပီယံလိဂ်တွင် ကစားခွင့်ရရေးအတွက် မိမိတစ်သက်လုံး စိတ်ကူးယဉ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။
ဟော်လန်းက ”ကျွန်တော့်အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာကစားဖို့ ဘဝတစ်လျှောက်လုံး စဉ်းစားနေခဲ့တာပါ။ ချန်ပီယံလိဂ်သီချင်းသံကို ကြားလိုက်ရုံနဲ့ ကျွန်တော့်ရဲ့စိတ်ဓာတ်တွေ အလိုလိုတက်ကြွလာပါတယ်။ အခု ကျွန်တော့်ရဲ့အိပ်မက်က တစ်နေ့မှာ ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ပါပဲ။ တကယ်လို့ အဲဒီအိပ်မက်တွေသာ အမှန်တကယ်ဖြစ်လာခဲ့မယ်ဆိုရင် အရမ်းကိုကောင်းမှာပါ”ဟု ပြောကြားခဲ့သည်။
ဟော်လန်းသည် ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၄)ပွဲ ပါဝင်ကစားဖူးပြီး ဂိုး (၂၀) သွင်းယူနိုင်ခဲ့သည်။
ထို့ပြင် ၎င်းသည် ပြီးခဲ့သည့်ရာသီက ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၄၀)တွင် (၄၄)ဂိုးသွင်းယူခဲ့ပြီး ဒေါ့မွန်အသင်းအနေဖြင့် ၎င်းကို ပေါင်သန်း (၁၇၀)ရမှသာ လက်လွှတ်ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။