ပြင်သစ်နည်းပြ ဒေးရွှမ့်က အသင်းတိုက်စစ်မှူး ဘန်ဇီမာ၏ဒဏ်ရာမှာ ထင်မှတ်ထားသလောက် ပြင်းထန်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
အသက် (၃၃)နှစ်အရွယ်ရှိ ဘန်ဇီမာသည် ဇွန်လ (၈)ရက်က ကစားခဲ့သည့် ခြေစမ်းပွဲ ပြင်သစ် (၃-၀) ဘူလ်ဂေးရီးယားပွဲ၌ ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၄၁) မိနစ်တွင် ကွင်းအတွင်း ခြေထော့နင်း ဖြင့် ထွက်ခွာခဲ့ရသည်။
ကနဦးတွင် ဘန်ဇီမာ၏ဒဏ်ရာမှာ ပြင်းထန်ဖွယ်ရှိသည်ဟု မီဒီယာများက ဖော်ပြခဲ့ကြသော်လည်း စိုးရိမ်စရာမရှိကြောင်း ဒေးရွှမ့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေးရွှမ့်က “သာမန်အပေါ့စား ဒဏ်ရာလေးပါပဲ။ ကြွက်သားဒဏ်ရာဖြစ်ပြီး ဘန်ဇီမာအနေနဲ့ မစွန့်စားချင်တာကြောင့် လူစားလဲခဲ့တာပါ။ ဘဝမှာဆိုးရွားတဲ့အရာတွေက ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ စွမ်းရည်မြင့်ဆရာဝန်တွေရှိပြီး ဘန်ဇီမာရဲ့ဒဏ်ရာကို အကောင်းဆုံးကုသနိုင်ပါလိမ့်မယ်”ဟု ဆိုခဲ့သည်။
ဘန်ဇီမာသည် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြင်သစ်အသင်းတွင် ပြန်လည်ရွေးချယ်ခံရပြီးနောက် ခြေစမ်း ပွဲ(၂)ပွဲစလုံးတွင် ကစားခွင့်ရခဲ့သည်။