ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် သူ၏အနာဂတ်အတွက် အသင်းနည်းပြ အယ်လီဂရီနှင့်ဆွေးနွေးခဲ့ကြောင်း ESPN သတင်းဌာနက ဖော်ပြခဲ့သည်။
ESPN ၏ဖော်ပြချက်အရ စီရော်နယ်လ်ဒိုအနေဖြင့် လာမည့် ၂၀၂၁-၂၂ ရာသီတွင် ဂျူဗင်တပ်စ်အသင်း၌ ဆက်ရှိရန် မသေချာကြောင်း သိရသည်။
သို့သော် စီရော်နယ်လ်ဒိုအနေဖြင့် သူ၏အနာဂတ်နှင့်ပတ်သက်ပြီး ယူရိုပြိုင်ပွဲအပြီးတွင်မှ ဆုံးဖြတ်မည်ဟုလည်း ESPN က ဖော်ပြခဲ့သည်။
အသက် (၃၆)နှစ်အရွယ်ရှိ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းနှင့် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀)ရက်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်သည်။
သို့သော် စီရော်နယ်လ်ဒိုအနေဖြင့် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေပြီး ၎င်း၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်အနေဖြင့် စီရော်နယ်လ်ဒိုအတွက် အသင်းသစ် ရှာဖွေနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။