အသက် ၂၈နှစ် အရွယ် ချဲလ်ဆီး အသင်းရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ဘရာဇီးမှာ မွေးဖွားခဲ့ပေမယ့် ၊ နိုင်ငံ လက်ရွေးစင် အသင်းကို ရွေးချယ်ရာမှာတော့ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ အများစု ဖြတ်သန်း ကုန်ဆုံးခဲ့တဲ့ အီတလီ လက်ရွေးစင် အသင်း အတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
ဂျော်ဂျင်ဟို ဟာ အီတလီ အတွက် ကစားပေးလာတာ နှစ်အနည်းငယ် ရှိလာပြီး ၊ မကြာခင် ရက်အနည်းငယ် အတွင်း ကစားမယ့် ယူရို ပြိုင်ပွဲ အတွက် အီတလီ အသင်းရဲ့ နောက်ဆုံး ၂၆ယောက် ကစားသမား စာရင်းထဲမှာလည်း ရွေးချယ်ခံထားရပါတယ် ။
ဒါ့အပြင် ကလပ် အဆင့် အဖြစ် ချဲလ်ဆီး အသင်းမှာ ဂျော်ဂျင်ဟို တယောက် ပုံမှန် ပွဲထွက်ခွင့်တွေ အပြင် ခြေစွမ်း ထိုက်သင့်သလောက် ပြသထားတဲ့ အတွက် ၊ အီတလီ အသင်းရဲ့ အဓိက ပွဲထွက် ၁၁ယောက် စာရင်းမှာ သေချာပေါက်ကို ပါဝင်ခွင့် ရဦးမှာ ဖြစ်ပါတယ် ။
ချဲလ်ဆီး မတိုင်မီ နာပိုလီ အသင်းမှာ ကစားခဲ့စဉ်က ဂျော်ဂျင်ဟို ဟာ ကစားသမား ဘဝ ပုံစံကောင်းတွေကို စတင် ရရှိခဲ့ပြီး ၊ ဘရာဇီး လက်ရွေးစင် အသင်းကို ရွေးချယ်ဖို့ အခွင့်အရေး ရှိခဲ့ပါတယ် ။
သို့ပေမယ့်လည်း ဂျော်ဂျင်ဟို ဟာ ၎င်းနဲ့ နေရာတူ ကစားနေတဲ့ ၊ ဘရာဇီးသား ၂ဦးလည်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ကတ်စီမီရို နဲ့ မန်စီးတီး ကွင်းလယ်လူ ဖာနန်ဒင်ဟို တို့ ရှိနေလို့ အီတလီ လက်ရွေးစင် အသင်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ အေးဂျင့် ဖြစ်သူ ယာအို ဆန်းတို့စ်ရဲ့ ဖြေကြားချက် အရ သိရပါတယ် ။
Football Italia နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ဆန်းတို့စ် က ” ကျွန်တော်တို့လို ဘရာဇီးနွယ်ဖွားတွေ အတွက် ဘရာဇီး လက်ရွေးစင် အသင်း ကို ကိုယ်စားပြု ကစားပေးဖို့ ဆိုတာ အိပ်မက်တွေပါပဲ ။ ဘရာဇီး လက်ရွေးစင် အသင်း ဒါရိုက်တာ အီဒူး ဂတ်စ်ပါ ဟာ ဂျော်ဂျီ ကို လက်ရွေးစင် အသင်းမှာ ကစားဖို့ ကျွန်တော်တို့ဆီ ဖုန်းခေါ်ဆက်သွယ်ခဲ့ဖူးပါတယ် ။ “
” သူက ဖုန်းမှာ ကျွန်တော်တို့ကို ဘရာဇီး လက်ရွေးစင် အသင်းမှာ ကတ်စီမီရို ၊ ဖာနန်ဒင်ဟို တို့လို ကစားသမားတွေ ရှိနေတဲ့ အတွက် ဂျော်ဂျီ ဘရာဇီး နဲ့ ပူးပေါင်းမယ်ဆိုရင် ပုံမှန် ကစားခွင့်တော့ မသေချာဘူး လို့ လက်တွေ့ကျကျပဲ ပြောခဲ့ပါတယ် ။ “
” ဘရာဇီး အသင်းဟာ ကျွန်တော်တို့ကို တကြိမ် ခေါ်ခဲ့ပြီး ၊ အနာဂတ် ပုံမှန် ကစားခွင့် အတွက် တိကျတဲ့ အာမခံချက် မပေးခဲ့ပါဘူး ။ တချိန်တည်းမှာ အီတလီ လက်ရွေးစင် အသင်းဖက်ကလည်း ဂျော်ဂျီ ကို လာကစားဖို့ ဆက်သွယ်ခဲ့ပါတယ် ။ “
” နောက်ပြီး သူ့ဆီမှာ အီတလီ ပတ်စ်ပို့လည်း ရှိနေခဲ့သလို ၊ အီတလီ နိုင်ငံနဲ့လည်း ထူးခြားတဲ့ ဆက်နွယ်မှုတွေ ၊ ခံစားချက်တွေ ရှိခဲ့ပါတယ် ။ ဒီတော့ သူဟာ အီတလီ လက်ရွေးစင် အသင်း အတွက် ကစားပေးဖို့ ပျော်ပျော်ရွှင်ရွှင်ပဲ ရွေးချယ်ခဲ့ပါတယ် ။ “
” ဒီကို မပြောင်းလာခင်တုန်းက သူဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ တလျှောက် အီတလီမှာပဲ ကစားခဲ့တာ ဖြစ်ပါတယ် ။ ဒီရွေးချယ်မှု အတွက် ကျွန်တော်တို့ ကျေနပ်မှု ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။