ပရီးမီးယားလိဂ်ကလပ် စပါးအသင်းသည် လစ်လပ်နေသည့် နည်းပြရာထူးအတွက် အင်တာမီလန်နည်းပြဟောင်း ကွန်တီကိုခန့်အပ်ရန် နီးစပ်သော်လည်း ၎င်းတောင်းဆိုထားသည့် အပြောင်းအရွှေ့အသုံးစရိတ်အတွက် ညှိနှိုင်းမှု အဆင်မပြေသဖြင့် ဆွေးနွေးမှုများကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ကြသည်
စပါးအသင်းသည် ဧပြီလအတွင်း ထုတ်ပယ်ခဲ့သည့် နည်းပြဟောင်း မော်ရင်ဟို၏ နေရာတွင် နာမည်ကြီးနည်းပြတစ်ဦးဖြင့် ပြန်လည်အစားထိုးရန် ကြိုးပမ်းလျက်ရှိပြီး ဂျူဗင်တပ်စ်၊ ချယ်လ်ဆီးနှင့် အင်တာမီလန်နည်းပြ ဟောင်း ကွန်တီမှာ ရေပန်းအစားဆုံးဖြစ်နေ ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော် အပြောင်းအရွှေ့ အသုံးစရိတ်အတွက် ကွန်တီတောင်းဆိုသည့် ပမာဏကို စပါးအသင်းက မလိုက်လျောနိုင် သဖြင့် ဆွေးနွေးမှု ရပ်တန့်သွားခြင်းဖြစ်ကြောင်း BBC နှင့် The Guardian အပါအဝင် ဗြိတိန် သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
ကွန်တီ က စပါးအသင်းအား ပြန်လည်တည်ဆောက်ရန်နှင့် ထိပ်တန်းကစားသမားများခေါ်ယူရန် အတွက် ဘတ်ဂျက်ခွင့်ပြုပေးရန် တောင်းဆိုထားသော်လည်း စပါးအသင်းကမူ ကပ်ရောဂါရိုက်ခတ်မှု အခြေအနေကြောင့် ငွေ ကြေးများစွာ သုံးစွဲရန်ထက် လူငယ်ကစားသမားများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်စေရန် ဆန္ဒရှိနေကြောင်း သိရသည်။ သို့ဖြစ်ရာ စပါးအသင်းနှင့် ကွန်တီတို့အကြား ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဖြစ်ပြီး လက်ရှိ အခြေအနေအရ ပြန်လည်စတင်မည့်ပုံစံမရှိသေးကြောင်း သတင်းများက ဖော်ပြခဲ့သည်။
စပါးအသင်းအနေဖြင့် ယခုနွေရာသီတွင် လမ်းခွဲရန် ဆန္ဒရှိနေသည့် တိုက်စစ်မှူး ဟာရီကိန်းကို ရောင်းချပါက ပြောင်းရွှေ့ကြေး မြင့်မားစွာရရှိမည်ဖြစ်သော်လည်း ယင်းအစီအစဉ်ကို ဥက္ကဋ္ဌ ဒန်နီယဲလ်လီဗီက လက်မခံကြောင်း သိရသည်။ စပါးအသင်းသည် မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် အသက် ၂၉ နှစ်သာရှိသေးသည့် ကွင်းလယ်လူဟောင်း ရိုင်ယန်မေဆင်ကို ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့သည်။
မော်ရင်ဟို၏ နေရာအတွက် လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာနှင့် လိုက်ပ်ဇစ်အသင်းနည်းပြ နာဂယ်စ်မန်းတို့ကို ဦးစားပေးပစ်မှတ်ထားခဲ့သော်လည်း နာဂယ်စ်မန်းက ဘိုင်ယန်မြူးနစ် အသင်းကို ကိုင်တွယ်ရန် သဘောတူညီမှုရရှိခဲ့ သလို ဘရန်ဒန်ရော်ဂျာကလည်း လက်စတာ၌သာ ဆက်ရှိနေမည်ဟု တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် PSG အသင်းအား ကိုင်တွယ်နေသည့် နည်းပြဟောင်း ပိုချက်တီနိုကို ပြန်လည်ခန့်အပ်ရန် ချဉ်းကပ်ခဲ့သော်လည်း ၎င်း၏ကလပ်က ခွင့်မပြုသဖြင့် ကွန်တီကို ပြောင်းလဲကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပိုချက်တီနို၊ အေဂျက်စ် အသင်းနည်းပြ အဲရစ်တန်ဟက်နှင့် ဘယ်လ်ဂျီယံအသင်းနည်းပြ မာတီနက်ဇ်တို့က ရေပန်းအစားဆုံးဖြစ်နေသည်။