ရီယိုဖာဒီနန်က တော့တင်ဟမ် တိုက်စစ်မှုး ဟယ်ရီကိန်းသာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့မယ် ဆိုရင် အရမ်းကို ကောင်းမှာ ဖြစ်ပေမယ့်လည်း ဗဟိုနောက်ခံလူ နေရာကသာ ဒီနွေရာသီမှာ မန်ယူနိုက်တက် အတွက် ဦးစားပေး ပစ်မှတ် ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကိန်းဟာ ယခု နွေရာသီ အပြောင်းအရွေ့မှာ တော့တင်ဟမ် ကနေ ထွက်ခွာလိုကြောင့် တော့တင်ဟမ်ထံ အသိပေး အကြောင်းကြား ခဲ့ပြီး ဖြစ်ပြီး အင်္ဂလန် တိုက်စစ်မှုးဟာ စပါးနဲ့ အတူ အဓိက ဆုဖလားတွေ မဆွတ်ခူးဖူးသေးပါဘူး။
အင်္ဂလန် အသင်းခေါင်းဆောင်ရဲ့ ကိုယ်စားလှယ်ကို ယူနိုက်တက် ၊ ချဲလ်ဆီး နဲ့ မန်စီးတီး အသင်းတို့က ချိတ်ဆက်လျက် ရှိနေပေမယ့် စပါးဟာ ကိန်းကို ဈေးပေါပေါနဲ့တော့ လက်လွှတ်သွားမှာ မဟုတ်ပါဘူး။ စပါး ဥက္ကဋ္ဌ ဒန်နီရယ်လီဗီဟာ အကယ်လို့များ စပါး အနေနဲ့ ကိန်းကို လက်လွှတ်သွားရမယ် ဆိုရင် အနည်းငယ် ပေါင်သန်း ၁၀၀ အထက် ရမှသာ စဉ်းစား သွားမယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း သရဲနီ ဂန္ထဝင် ဖာဒီနန်က ဒီနွေရာသီမှာ အသင်းကို အင်အား ဖြည့်တင်းရန် ပြင်ဆင်နေတဲ့ နည်းပြ အိုလီဂန်နာဆိုးရှား အနေနဲ့ ဗဟိုနောက်ခံလူ တစ်ဦး ကိုသာ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ် ရမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ဖာဒီနန်က “မန်ချက်စတာယူနိုက်တက် အနေနဲ့ ဒီနွေရာသီ အပြောင်းအရွေ့မှာ မှန်ကန်တဲ့ နေရာတွေကို အင်အား ဖြည့်တင်း သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော် ကတော့ သူတို့ ဗဟို နောက်ခံလူ တစ်ဦး ၊ ညာတောင်ပံ တိုက်စစ် ကစားသမား တစ်ဦး နဲ့ အထောင် တိုက်စစ်မှုး တစ်ဦး လိုအပ်နေတယ်လို့ ယူဆ ပါတယ်။
ဒီနေရာတွေ ကိုသာ အင်အားဖြည့်တင်း နိုင်ခဲ့မယ် ဆိုရင် တအားကို ကောင်းသွားမှာ မဟုတ်လား။ ဒါပေမယ့် ဗဟိုနောက်ခံလူ တစ်ဦး ဝယ်ယူဖို့ ကသာ ပထမဦးစားပေး ဖြစ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
မန်ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့အောက် ၁၂ မှတ်အကွာ ဒုတိယ နေရာ ရရှိခဲ့တဲ့ အပြင် ယူရိုပါလိဂ် ဖိုင်နယ်ကိုလည်း တက်ရောက် နိုင်ခဲ့ပေမယ့် ဗီလာရီးရဲယ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ကာ ဒုတိယ နေရာနဲ့ ကျေနပ် ခဲ့ရပါတယ်။