လီဗာပူးလ်အသင်းဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က ဆာလာအား ရောင်းထုတ်ပြီး ငွေရှာရန် အသင်းကို တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
အသက် (၂၈)နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်ကစားသမား ဆာလာသည် ၂၀၁၇ ခုနှစ်တွင် ရိုးမား အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၃၆.၅)သန်း ဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ၎င်းသည် လီဗာပူးလ် အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၀၃) ပွဲတွင် (၁၂၅)ဂိုးအထိ သွင်းယူပေးထားပြီး လီဗာပူးလ်အသင်း ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများ ရယူရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် ဒေးဗစ်ဂျိမ်းစ်က ဆာလာ မပါလျှင် လီဗာပူးလ်အသင်း၏ ကစားပုံမှာ ပိုကောင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဆာလာဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၁ ရာသီ ပရီး မီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ဆာလာ မပါရင် ပိုကောင်းတယ်လို့ ထင်ပါတယ်။ အခုအချိန် မှာ ဆာလာကို ရောင်းချလိုက်တာက လီဗာပူးလ် အသင်းအတွက် ငွေပိုရမှာပါ။ ဂျိုတာဟာ လီဗာပူးလ် အသင်းရဲ့တိုက်စစ်မှာ အံဝင်ပြီး သူကစားရင် ဖေမီနိုလည်း လွတ်လွတ်လပ်လပ် ပိုကစားနိုင်ပါတယ်။ မာနေ-ဖေမီနို-ဂျိုတာ တိုက်စစ်ပွဲက လုပ်အားနှုန်း ပိုကောင်းပြီး ဆာလာရဲ့ဂိုးတွေကို မှီခိုနေရတာထက် သူတို့တိုက်စစ်အတွဲကို အားကိုးတာ ပိုကောင်းပါတယ်” ဟု ဒေးဗစ်ဂျိမ်းစ်က ပြောကြားခဲ့သည်။
ထို့ပြင် ဒေးဗစ်ဂျိမ်းစ်က ဆာလာအား ယခုအချိန်တွင် ရောင်းထုတ်ရန် အကောင်းဆုံးဟုလည်း ဆိုခဲ့သည်။ ဆာလာက မိမိအနေဖြင့် အနာဂတ်တွင် စပိန်၌ကစားလိုကြောင်း ဝန်ခံထားပြီး ၎င်းကိုခေါ်ရန် ရီးယဲလ်က စိတ်ဝင်စားနေကြောင်း သိရသည်။